သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးက မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ


နော်ဝေးက မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ- သတင်းဓာတ်ပုံ Credit to Ko Ko Gyi FB Page/
နော်ဝေးက မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ- သတင်းဓာတ်ပုံ Credit to Ko Ko Gyi FB Page/

မြန်မာနိုင်ငံရဲ့ လက်ရှိ NCA အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မပါဝင်တဲ့အပေါ်မှာ နော်ဝေးအစိုးရဘက်က စိုးရိမ်မကင်းဖြစ်မှုတွေ ရှိနေတယ်လို့ အော်စလိုမြို့တော်ကိုရောက်ရှိနေတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန် က ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ငွေကြေးထောက်ပံ့မှု ပေးနေ တဲ့ နော်ဝေး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရဘက်တင်မက တိုင်းရင်းသားတွေဘက်ကိုလဲ ထောက်ပံ့မှု မျှမျှတတပေးသင့်တယ်လို့ အကြံပေးချက် ၈၈မျိုးဆက် ပွင့်လင်း အဖွဲ့ဘက်က အကြံပြုခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ကို နော်ဝေးနိုင်ငံအော်စလိုမြို့မှာ ဒီဇင်ဘာလ (၁၅)ရက်နေ့ကကျင်းပခဲ့တာပါ၊ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အော်စလိုမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အဓိက လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောထားအမြင်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် နော်ဝေးအစိုးရက သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ငွေကြေးအကူအညီ အမြောက်အများ ထောက်ပံ့ ထားတာပါ။ ဒါကြောင့် NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးမပါဝင်တဲ့အပေါ်မှာ သူတို့ဘက်က စိုးရိမ်မကင်းဖြစ် မှုတွေကို တွေ့ခဲ့ရတယ်လို့ နော်ဝေးနိုင်ငံ ကိုရောက်ရှိနေတဲ့ KNU ဒုဥက္ကဌ နော်စီဖိုရာစိန်က ဗွီအိုအေကိုပြောပါတယ်။

“တော်တော်လဲ နည်းနည်း စဉ်းစားစရာရှိတာပေါ့ သူတို့စိုးရိမ်မှုရှိတာပေါ့။ အထူးသဖြင့် အခုလက်တလောဖြစ်နေတဲ့ အခြေအနေနဲ့ နိုင်ငံရေးပြောင်းလဲမှု အခြေအနေပေါ်မှာလေ။ သူတို့ကလည်း ဒါတွေကို စိတ်ဝင်စားတယ်။ ကျမတို့ ပြည်သူလူထုတွေ အနေနဲ့လည်း သူတို့ဘယ်လို သဘောထားရှိတယ် ဆိုတာလည်း သူတို့သိချင်တယ်။ တကယ်ကြည့်မယ်ဆိုရင်တော့ စစ်တပ်ကတော့ အာဏာရှိသေးတာပေါ့နော်။ အဲဒါ စစ်တပ်က အာဏာရှိမယ် ဆိုရင် ပြည်သူလူထုတွေ က ဘယ်လောက် မျှော်လင့်ချက်တွေရှိနိုင်သလဲပေါ့။ သူတို့ဒါကိုတော့ မေးတာပေါ့နော်။”

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုက အဓိကအရေးပါတယ်လို့လည်း နော်စီဖိုရာစိန်က ဆိုပါတယ်။

“တပ်မတော်ကလည်း ပူးပေါင်းပါဝင်မှု မရှိဘူး ဆိုရင်တော့ ပြည်တွင်းမှာရှိနေတဲ့ ပဋိပက္ခကတော့ ဆက်လက်ဖြစ်ပွားမှာပဲလို့ ကျမကတော့ ဒီလိုမြင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပစ်ခတ်ရပ်စဲရေး ရပ်တန့်ဖို့အတွက်ပဲဖြစ်ဖြစ် တပ်မတော်က အဓိက Actor ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်က ပြုပြင်ပြောင်းလဲမှု မရှိဘူးဆိုရင် အဲဒါအခတ်အခဲ အများကြီး ရှိလာနိုင်တယ်။”

နော်ဝေးအစိုးရရဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ကူညီ ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးဖြစ်လာနိုင်တဲ့ အလားအလာ အပေါ်မှာ မြန်မာလူထု အခြေပြုအဖွဲ့တွေရဲ့ သဘောထားတွေကို လည်း တင်ပြဆွေးနွေးခွင့်ရခဲ့တယ်လို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကပြောပါတယ်။

“သူတို့ကတော့ မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ပတ်သက်လို့ စိတ်ဝင်တစား လေ့လာကြတယ်။ လက်ရှိ Norwegian အစိုးရနဲ့ မြန်မာနဲ့ ဆက်ဆံရေးကိုလည်း သိချင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အခြေအနေ၊ နောက် ရင်ဆိုင်ရမယ့် အခြေအနေတွေ အဲဒါတွေကို ကျနော်တို့ ပြန်ရှင်းပြတာပေါ့နော်။ ငြိမ်းချမ်းရေး အခုအချိန်အထိ အဆင့်ထိရောက်လာတဲ့ ကြိုးပမ်းမှုတွေကိုရှင်းပြတယ်။ ဒါပေမယ့်လက်ရှိ တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ အခြေအနေ နောက် လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်လာနိုင်ဖို့ ကြိုးစားရမယ့် အခြေအနေကို ကျနော်တို့ပြောပြတယ်။ ဆိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကလည်းပဲ ဒီအစိုးရဘက်ကိုရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့မှု မျှမျှတတဖြစ်အောင် လုပ်ပေးသင့်တယ် ဆိုတာကိုလည်း ကျနော်တို့အကြံပြုတာပေါ့နော်။”

ဒီဆွေးနွေးပွဲကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Norwegian Burma Committee က ဦးစီးပြီး အော်စလို စာပေဗိမ္မာန်မှာ ကျင်းပခဲ့ရာမှာ နော်ဝေးနိုင်ငံရေး သမားတွေ၊ လေ့လာအကဲခတ်တွေ၊ NGO အဖွဲ့ တွေနဲ့ သတင်းသမားတွေလည်းတက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG