သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ‘ဝ’ ပြည်နယ်ဖွဲ့စည်းရေး တောင်းဆို


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယနေ့ သဘာပတိမှ အဖွင့်အမှာစကားပြောကြားစဉ်။
( စက်တင်ဘာ ၂၊ ၂၀၁၆)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယနေ့ သဘာပတိမှ အဖွင့်အမှာစကားပြောကြားစဉ်။ ( စက်တင်ဘာ ၂၊ ၂၀၁၆)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယနေ့အဖြစ် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ‘ဝ’ ပြည်နယ် ဖွဲ့စည်းရေးကို တင်ပြတောင်းဆိုလိုက်ပြီး ပြည်နယ်ဖွဲ့စည်းရာမှာ လက်ရှိ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းက ၆မြို့နယ်နဲ့အတူ ကျိုင်းတုံဒေသက မြို့နယ် တွေကို ပါ ထည့်သွင်းပေးဖို့ တင်ပြထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယနေ့မှာ သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးက မိမိတို့ရဲ့ သဘောထားအမြင်တွေကို တင်ပြကြရာမှာ 'ဝ' အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ ဦးညီနပ်က တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

" ဝတိုင်းရင်းသားလူမျိုးစုသည် တိုင်းရင်းသားစစ်စစ် ဖြစ်သလို သမိုင်း အစဉ်အလာရှိသော လူမျိုးစုဖြစ်ပြီး ပြည်ထောင်စုဝင် ပြည်နယ်ဖြစ်ရန် လိုအပ်သော အရည်အချင်း(၇)ချက်နှင့်လည်း ပြည့်မှီဖြစ်တဲ့အတွက်ကြောင့် လက်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတိုင်း ခြောက်မြို့နယ်နှင့် ကျိုင်းတုံဒေသ (၁၀) မြို့နယ်ကို ပြည်ထောင်စုဝင် ဝပြည်နယ်အဖြစ် ပြန်လည်အသိအမှတ်ပြုပေးနိုင်ပါရန် ကျိုင်းတုံမြို့ပြနိုင်ငံ ရှေးဟောင်းပစ္စည်းများ မပျောက်ပျက်ပဲ ထိန်းသိမ်း ထားနိုင်ရန် နိုင်ငံတော် ၏ ရှေးဟောင်း အမွေအနှစ်အဖြစ် ပြန်လည် သတ်မှတ်ပေးပါရန် လေးနက်ရိုသေစွာ တောင်းဆိုရင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။"

ဦးညီနပ် (ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ)
ဦးညီနပ် (ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ)

ဦးညီနပ်ဟာ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်ပါတယ်။

‘ဝ’ဒီမိုကရက်တစ်ပါတီက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုင်းပေါင်းနပ်က ‘ဝ’ ပြည်နယ် ဖွဲ့စည်းရေးကို လွတ်လပ်ရေး ရယူစဉ်ကတည်းက တောင်းဆိုခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

" ကျနော်တို့ ဒီဝပြည်နယ် တောင်းဆိုထားတာကတော့ အခုမှ မဟုတ်ဘူးလေ။ အခုဦးညီနပ်တို့ တောင်းမှ ပဲ တောင်းနေတာတော့ မဟုတ်ဘူး။ ဒီဥစ္စာက ဟိုး ကျနော်တို့ လွတ်လပ်ရေး ရကတည်းကကို ဒါက ရှေးက ဝ ခေါင်းဆောင်တွေ ကလည်း သီးခြား ဒါက ကျနော်တို့ ရှမ်းပြည်နယ်နဲ့ ပေါင်းစပ်လို့ မဖြစ်ဘူးဆိုမှ တင်ပြခဲ့တယ် သို့သော် အခြေအနေအမျိုးမျိုးက မပေးတဲ့အတွက်ကြောင့် လွတ်လပ်ရေး ယူတော့ ယူလိုက်တာပေါ့ဗျာ။ ကျနော်တို့ကို ဆက်လက်ပြီးတော့ ရှမ်းပြည်နယ်နဲ့ ပူးပေါင်းတယ်။ "

၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကလည်း ‘ဝ’ လူငယ်တွေက တောင်းဆိုခဲ့ သလို ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အခြေခံမူချမှတ်တဲ့ အမျိုးသား ညီလာခံမှာလည်း ‘ဝ’ ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ် ‘ဝ’ လက်နက်ကိုင် အဖွဲ့က တောင်းဆိုခဲ့ဖူးကြောင်းနဲ့ ၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော် အတွင်းမှာလည်း သူကိုယ်တိုင် တောင်းဆိုခဲ့ဖူးကြောင်း ပြောပါတယ်။

ဒီလို ပြည်နယ်ဖွဲ့စည်းရေးတောင်းဆိုချက်ကိုတော့ နိုင်ငံရေးနည်း နဲ့ ဖြေရှင်းကြ ရမှာ ဖြစ်ကြောင်း ဦးစိုင်းပေါင်းနပ်က ပြောပါတယ်။

" ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးကြတယ်ဆိုရင်တော့ ထိခိုက်ကြတယ် ဘယ်လိုပြောမလဲ သွေးထွက်သံယိုပြဿနာတွေ မဟုတ်ဘူး။ နိုင်ငံရေး သဘောအရပဲ ဆွေးနွေးရှင်းလင်းပြောဆိုကြမယ်။ ကျနော်တို့ကိုယ်တိုင်ကပဲ နိုင်ငံရေး သဘောအရပဲ ဝိုင်းဝန်းဖြေရှင်းကြဖို့ပဲ။"

‘၀ ’ ပြည်နယ်အတွင်းမှာ လက်ရှိ ကျိုင်းတုံဒေသကနယ်မြေတွေ ထည့်သွင်းတောင်းဆို ထားတဲ့အပေါ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ ဦးစပ်ခွန်ဆိုင်ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

" ဒါကတော့ သူတို့အခွင့်အရေး သူတို့ရဲ့ Rights ကို ဒါကတော့ သူတို့က သူတို့ရှု့ထောင့်ကနေ သူတို့ တင်မှာပေါ့။ ဒါကတော့ ဒီမိုကရေစီကာလမှာ သူ့အမြင် ကိုယ့်အမြင် တင်ပြခွင့်ရတာပဲ ဒါ သဘာဝ ကျပါတယ်။ ခေတ်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှုပါ။ ကျနော်တို့ကတော့ တဦးနဲ့တဦး ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ တန်းတူမျှတ ပြေပြေလည်လည် ကျေကျေလည်လည် ကျနော်တို့ ဆွေးနွေးကြဖို့ပဲ လိုပါတယ်။"

‘ဝ’ ပြည်နယ်ဖွဲ့စည်းရေးကို မြန်မာပြည်က အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ‘ ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီUWSP/ UWSA ကလည်း တောင်းဆိုထားတာဖြစ်ပါတယ်။

‘ ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီက ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ကြာသပတေးနေ့က လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးခဲ့တာကြောင့် တန်းတူမှုမရှိဘူး ဆိုပြီး ညီလာခံကနေ ထွက်ခွာခဲ့ပါတယ်။

ဒီကနေ့မှာတော့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က တန်းတူညီတူ သဘောထားကြောင်းနဲ့ ညီလာခံအတွင်း စီမံခန့်ခွဲမှုအားနည်းချက်တချို့ကြောင့် အဆင်မပြေဖြစ်ရတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ပြည်နယ်တောင်းဆိုနေသလို ရှမ်းပြည်နယ်က ပလောင် ၊ ပအိုဝ်းစတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ စစ်ကိုင်းတိုင်ဒေသကြီး အတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ကလည်း ပြည်နယ်ဖွဲ့စည်းရေး အတွက် တောင်းဆိုဖို့ ပြင်ဆင်တာတွေရှိနေလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG