သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ဆွေးနွေးပွဲ မှုဘောင်များ ရေးဆွဲနေ


အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့။
အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့။

၂၀၁၆ ခုနှစ် ဇန္နဝါရီလလယ်မှာ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ကို ရေးဆွဲနေပြီဖြစ် တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြော ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တတိယမြောက်နေ့အဖြစ် နဲ့ မူကြမ်းရေးဆွဲနေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှာ ပါဝင်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တွေကနေ ကိုယ်စားလှယ် သုံးဦးစီပါဝင်တဲ့ အဖွဲ့ကနေ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ကို ရေးဆွဲနေတာပါ။

ဒီလလယ်မှာ နေပြည်တော်မှာ ကျင်းပဖို့ရှိနေတဲ့ အစည်းအဝေးကျရင်တော့ ဒီမူကြမ်းကို အတည်ပြုသွားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။

"ကျနော်တို့ ၂၀၁၃ ခုနှစ် ဆွေးနွေးစဉ် အခါကတည်းက လက်မှတ်ရေးထိုးပြီး ရက်ပေါင်း သုံးဆယ် ခြောက်ဆယ် ကိုးဆယ် ဆိုပြီးတော့ သတ်မှတ်ခဲ့တဲ့အတွက် အခုလက်မှတ်ရေးထိုးတဲ့ ၂၀၁၅ အောက်တိုဘာ ၁၅က ရေတွက်ရင် ဒီလ ၁၃၊ ၁၄ လောက်မှာ ရက်ပေါင်း ကိုးဆယ် ပြည့်မယ် ခင်ဗျ။ ဒါကြောင့်မို့လို့ အဲ့ဒီ့မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ပြင်ဆင်နေတာပါ။ မူဘောင်ရေးဆွဲ သူတွေက ဒီနေ့ဆိုရင် အားလုံး နီးပါးလောက်ကို ပြန်ပြီးတော့ ရေးပါတယ်။ ဒါကို လာမယ့် ဒီဇင်ဘာလ ၅ရက်နေ့မှာ MPC မှာ လုပ်မယ့် မူဘောင်ဆိုင်ရာ ရေးဆွဲရေး ကော်မတီကို ပြန်ပြီး တင်ပြပါမယ်။ အဲ့တာပြီးရင်တော့ သူတို့ဘက်ကနေ ဒါကို စိစစ်ပြီးတော့ ဒါကို ပြင်ဆင်သင့်တာ ပြင်ဆင်ပြီးရင်တော့ ဒီဇင်ဘာ လလည်လောက်မှာ နေပြည်တော်မှာ လုပ်မယ့် အစည်းအဝေးမှာ ဒါကို အတည်ပြုဖို့တော့ လုပ်နေပါပြီဗျ။"

လွန်ခဲ့တဲ့ အောက်တိုဘာ လလယ်တုန်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ ABSDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ရှိတာကြောင့် ဒီသဘောတူညီချက် အပေါ် ဝေဖန်မှုတွေ လည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ မှာ ဒီအဖွဲ့တွေကော ပါဝင်နိုင်ကြမှာပါလား။

ဦးလှမောင်ရွှေက

"ကျနော်တို့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေနဲ့ ဆက်တိုက် ညှိနှိုင်းရမှာပေါ့လေ။ ကျနော်တို့ တာဝန်ကတော့ NCA ရဲ့ မူဘောင်ထဲမှာ NCA သဘောတူညီချက် ထဲမှာ ရေးတာဖြစ်တယ်။ အဲ့တော့ ဒီဟာပြီးသွားမှပဲ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်လုပ်လို့ရမယ်။ အဲ့တော့ လက်မှတ် မထိုးထားတဲ့လူတွေ ပါဝင်နိုင်ဖို့က ဆက်ပြီးတော့ ညှိနှိုင်းဖို့တော့ လိုပါလိမ့်မယ်။ "

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုစာချုပ် NCA လက်မှတ်ရေးထိုးပွဲကို ရွေးကောက်ပွဲမှာ လက်ရှိ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အချင်းချင်းကြား စိတ်ဝမ်းကွဲမှုတွေ ရှောင်ရှားဖို့နဲ့ NCA မှာ လက်မှတ်မရေးထိုးတဲ့ တိုင်းရင်းသား အဖွဲ့တွေကို ဖိအားပေးတဲ့ အခြေအနေမျိုး ကနေ ရှောင်ရှားနိုင်အောင် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာပါ။

မကြာခင်မှာ NLD ပါတီဟာ အစိုးရဖွဲ့ပြီး နိုင်ငံတာဝန်တွေကို လက်ပြောင်း ရယူမှာ ဖြစ်တဲ့ အတွက် အခု MPC ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပါတ်သတ်ပြီး ဘယ်လိုပုံစံမျိုး ဆက်လုပ်ကိုင်သွားမလည်း ဆိုတာကို ဦးလှမောင်ရွှေက အခုလိုရှင်းပြပါတယ်။

"MPC မှာ နှစ်ပိုင်း ပါပါတယ်။ တပိုင်းကတော့ ဝန်ကြီးဦးအောင်မင်းတို့အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီး၊ ဝန်ကြီး ဆယ့်သုံးဦးပါပါတယ်။ သူတို့က ဦးဆောင်အဖွဲ့မှာ ရှိပါတယ်။ တခြားအပိုင်းကတော့ ပညာရှင်တွေနဲ့ အပိုင်းပါ။ ဒါကတော့ ဒီဘက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖွဲ့စည်းပြီး ဆောင်ရွက်ကြ တာဖြစ်တဲ့ အတွက် သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်းပြီးရင်တော့လည်း နောက် ကိစ္စကတော့ နောက် အစိုးရနဲ့သက်ဆိုင်တဲ့ အနေအထားပေါ့။ "

နိုင်ငံတော်အစိုးရ အစုအဖွဲ့က ဗိုလ်ချုပ်မြင့်နွယ်၊ ဦးလှမောင်ရွှေ နဲ့ ဒေါက်တာ ကျော်ရင်လှိုင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအစု အဖွဲ့ကဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း၊ ရဲဘော်မျိုးဝင်း နဲ့ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အစုအဖွဲ့က ဦးသုဝေ၊ စိုင်းကျော်ညွှန့်နှင့် ဦးနိုင်ငံလင်းတို့ က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း) ကို ဒီဇင်ဘာလ ၅ ရက်နေ့မတိုင်မီ အပြီးသတ်ရေးဆွဲမှာ ဖြစ်ပါတယ်။

XS
SM
MD
LG