သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြပ်ရိုက်လာတဲ့ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့တိုင်းရင်းသားအဖွဲ့များ တွေ့ဆုံမည်


 RCSS/SSA Myanmar State Counsellor Office
RCSS/SSA Myanmar State Counsellor Office

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး တွေ့မယ့်ရက်နဲ့နေရာ အတိအကျကိုတော့ မသိရသေးပါဘူး။ တရားဝင်ဆွေးနွေးပွဲတွေ တက် ရောက်တာကိုရပ်ထားပြီးတော့ တပ်မတော်နဲ့သီးခြားစီ ပြန်ပြီးတွေ့ဆုံဆွေးနွေးမယ်လို့ လူမျိုးစု လက်နက်ကိုင် အဖွဲ့ကြီးနှစ်ဖွဲ့က ကြေညာပြီးတဲ့နောက် အခုလို ငြိမ်းချမ်ရေးကော်မရှင်က တွေ့ဆုံဆွေးနွေးမယ့်သတင်း ထွက် လာတာပါ။ ဒီအတော အတွင်းမှာပဲ ကွတ်ခိုင်မြို့နယ်ဘက်မှာ တပ်မတော်နဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေပြီးတော့ ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို သီပေါနဲ့ နမ္မတူဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရကနေလက်ရှိဖေါ်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဆို့နေတဲ့အခြေအနေကြောင့် မြန်မာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တို့ကနေ ဒီအပတ်အတွင်းတွေ့ဆုံဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ တွေ့ဆုံမဲ့ရက်အတိအကျမသိသေးပေမဲ့ NCA အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS အနေနဲ့ကတော့ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ အစည်းအဝေး တက်ရောက်ဖို့စီစဉ်နေတယ်လို့ ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

“ကျနော်တို့ကလည်း တွေ့ဖို့ရှိပါတယ်။ အဓိကကတော့ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတစ်ဆို့နေတဲ့ကိစ္စတွေ ဘယ်လို ဆက်လက်ကျော်လွှားသွားမလဲကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပေါ့။ ကျနော်တို့ RCSS အနေနဲ့ကျတော့ အရင်တုန်းကတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ချုပ်ဆိုထားတဲ့ အဲဒီကိစ္စ တွေ က ကျနော်တို့ဘက်ကလည်း တပ်မတော်နဲ့သီးသန့်တွေ့ပြီးတော့ ဒီကိစ္စကို ဆွေးနွေးမယ်။ နားလည်မှု လွဲ နေတဲ့ဟာတွေ၊ အဓိပ္ပာယ် ကောက်ယူခြင်းမတူတဲ့ဟာတွေကို ညှိနှိုင်းပြီးလုပ်မယ်လို့ ကျနော်တို့ပြောထားတဲ့ ဟာ ရှိတာကိုး။ အဲဒီကိစ္စကို အဓိက ထားပြီး ဆွေးနွေးမယ်လို့မျှော်လင့်ရပါတယ်။”

KNU ခေါ်ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ကတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တဖွဲ့ချင်းအနေနဲ့ သီးခြားတွေ့ဆုံသွားမယ်လို့ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

“တွေ့မှာတော့အစီအစဉ်ရှိတယ်။ အတွင်းရေးမှူးကိုတာဝန်ပေးထားတယ် သူ့ကို။ ဘယ်ရက်တွေ့မလဲ ကျနော်တို့ လည်း အတိအကျမသိဘူးပေါ့နော်။ ကျနော်တို့တဖွဲ့ချင်းလည်း တဖွဲ့ချင်းတွေ့ဖို့တော့ များမလားတော့ မသိဘူး။ အစုအဖွဲ့တော့တွေ့မှာမဟုတ်ဘူးထင်တယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင် တွေရဲ့ထိပ်သီးအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ပြည်ထောင်စုကနေ ခွဲမထွက်ရေးနဲ့ တခုတည်းသော တပ်မတော်ထားရှိရေးကိစ္စတွေကို တင်ပြလာတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အကြား အမြင်မတူကွဲလွဲမှုတွေ ရှိလာခဲ့တာပါ။

ဒီကွဲလွဲမှုတွေကိုညှိနှိုင်းဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင်တို့အကြား ဒီရက်ပိုင်းတွေမှာ တွေ့ဆုံဆွေးနွေးသွားဖို့စီစဉ်နေဆဲအခြေအနေမှာဘဲ ရှမ်းပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ NCA အပစ်ရပ်လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တို့အကြားတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးနေခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတယ်လို့ သိန္နီမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစိန်လူက ဗွီအိုအေကို ပြောပါတယ်။

“MNDAA ကိုးကန့်အဖွဲ့နဲ့တပ်မ (၉၉) နဲ့တိုက်ပွဲဖြစ်တာ (၃) ရက်ရှိပြီတဲ့။ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတုန်းပဲလို့ ပြောတယ်။ ကွတ်ခိုင်မြို့နယ်၊ မန်ကန်ဆိုတဲ့ရွာက တိုက်ပွဲကပြင်းထန်တယ်။ နှစ်ဖက်အင်အားတော့ မနဲနောဘူး တယ်။ ကိုးကန့်အင်အား (၂၀၀) ကျော်လောက်ရှိတယ်လို့ပြောတယ်။ တပ်မ (၉၉) ကလည်း အင်အား ဘယ်လောက်လဲ မသိဘူးလေ။ သူတို့က တိုက်ပွဲဖြစ်တာ (၃) ရက်ရှိပြီတဲ့။”

တိုက်ပွဲအတန်ကြာရပ်တန့်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့တပ်မတော်တို့အကြား တဖန်စစ်ရေးတင်းမာလာနေ ခဲ့တာပါ။

ကွတ်ခိုင်မြို့နယ် မန်ကန်ကျေးရွာဘက်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကစပြီးကနေ့အထိ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် မန်ကန်ကျေးရွာသား (၇၀) ကျော်ဟာ သိန္နီမြို့နယ် နားတီးကျေးရွာကို တိမ်းရှောင်ရောက်ရှိနေတယ်လို့ စိုင်းစိန်လူက ဆက် ပြောပါတယ်။

“မန်ကန်ဆိုတဲ့ရွာကစစ်ဘေးရှောင်တွေ အခုဒီနေ့ သိန္နီမြို့နယ်နားတီး ကျေးရွာရောက်နေတာ။ အယောက် (၇၀) ကျော် လောက်ပဲရှိမယ်။ ဒီနေ့သူတို့နေထိုင်စားသောက်ရေးအတွက်တော့ ကျနော်သွားစီစဉ်ပေးနေတယ်။ အလှည့်ကျ ရွာကလူထုတွေကို ကိုယ်တတ်နိုင်သလောက်အကူညီတောင်းပြီးမှ ဆန်နဲ့ဆီ ပဲရယ်သွားပြီးတော့ နောက်ကလေး အဝတ်အထည်တွေပေါ့။ အမျိုးသမီးအဝတ်အထည်တွေသွားပြီးမှဝေပေးတာပေါ့နော်။”

တိမ်းရှောင်လာတဲ့ရွာသားတွေကို သိန္နီအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံတွေကနေ ကူညီစောင့်ရှောက်ပေး နေတယ်လို့ သူကဆိုပါတယ်။ အင်္ဂါနေ့ကလည်း နမ္မတူမြို့နယ်အတွင်း တအာင်းပလောင် TNLA တပ်ဖွဲ့နဲ့မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLA ပြန်ကြားရေးအရာရှိဗိုလ်မှူး တာအိုက်ကျော်က ဆိုပါတယ်။

“မနေ့ကတိုက်ပွဲတကြိမ်ပြန်ဖြစ်တာပေါ့နော်။ တပ်နဲ့ကျနော်တို့ကြားမှာ။ နမ္မတူမြို့ နယ်မိုင်းရင်ကျေးရွာအနီး မှာဖြစ်တယ်။ ကျနော်တို့ရှိတဲ့နေရာကို မြန်မာ့တပ်မတော်ကတက်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွါးတယ်။ တိုက်ပွဲ ကတော့ (၁၀) နာရီကျော်ကျော်ကနေ (၁၂) နာရီကြာတယ်ပေါ့နော်။”

ကိုးကန့်တပ်ဖွဲ့ MNDAA တအာင်းပလောင် TNLA တို့နဲ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းတပ်မတော်ဘက်က သတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်တဲ့ တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS နဲ့လည်း မနေ့က သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ ကြောင်း ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွါးမှုအတွင်း ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP ၊ ရခိုင့်တပ်မတော် AA တို့နဲ့ ရှမ်းပြည်နယ်သီပေါမြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေဘက်မှာ တိုက်ပွဲဖြစ်ပွါးလာနေခဲ့ပါ တယ်။

လက်ရှိမှာ မြန်မာအစိုးရတပ်မတော်နဲ့ NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပိုင်းမှာ တစ်ဆို့နေသလို NCA လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း စစ်ရေး ပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG