သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံဖိတ်ရင် NCA လက်မှတ်မထိုးရသေးတဲ့ ၃ ဖွဲ့ တက်မည်


(Credit: MOI)
(Credit: MOI)

၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့အတွက် အစိုးရက ဖိတ်မယ်ဆိုရင် TNLA တအာင်း ပလောင်အဖွဲ့အနေနဲ့ ညီလာခံကို တက်မယ်လို့ အဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။

NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ TNLA တအာင်းပလောင်အဖွဲ့၊ AA ရခိုင်တပ်မတော်နဲ့ MNDAA ကိုးကန့်အဖွဲ့တို့ ၂၁ ရာစု ပင်လုံညီလာခံ တက်ရေး မတက်ရေးကိစ္စကို ဆွေးနွေးဖို့အတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဦးခင်ဇော်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မိုင်းလားမှာ မနေ့ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးနေကြတဲ့အချိန်မှာပဲ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ငြိမ်းချမ်းရေးကော်မရှင်က ကိုယ်စားလှယ်ရောက်လာတဲ့ကိစ္စလေးကို သိချင်လို့ပါခင်ဗျ။

မိုင်အိုက်ကျော်။ “သူတို့ရောက်လာပေမဲ့ ဘာမှ မသိရသေးဘူး၊ သူတို့နဲ့ ကျနော်တို့လူတွေနဲ့လည်း အဆက်အသွယ်လည်း မရသေးဘူး။”

မေး။ ဆွေးနွေးဖြစ်တယ်ဆိုတာတော့ ဟုတ်ပါသလားခင်ဗျ။ မနေ့က ကျနော်တို့ကြားလိုက်တာကတော့ ဆွေးနွေးဖြစ်တယ်ဆိုလားလို့ပါ။

မိုင်အိုက်ကျော်။ “ဆွေးနွေးဖြစ်တယ်ဆိုတာက ဒီလိုပါ။ ပြီးခဲ့တဲ့ ၈ ရက်နေ့ကတော့ ကျနော်တို့ တချက် အဆက်အသွယ်ရတယ်။ အဖွဲ့ဝင်တွေ အားလုံး အဲဒီမှာ ရောက်နေပြီပေါ့နော်။ ၉ ရက်နေ့မှာ ဆွေးနွေးမယ်လို့တော့ ပြောထားတယ်။ ၉ ရက်နေ့မှာတော့ ကျနော်တို့ တချက်မှ အဆက်အသွယ် မရဘူး။ အဲဒီလိုမျိုးတော့ ဖြစ်နေတာပေါ့နော်။”

မေး။ ဆွေးနွေးဖို့ ရောက်နေပေမယ့် မဆွေးနွေးဖြစ်သေးဘူးပေါ့၊ သူတို့နဲ့ အဆက်အသွယ် မရသေးဘူး။

မိုင်အိုက်ကျော်။ “ဟုတ်ကဲ့၊ မနေ့ကအထိ ကျနော်တို့ တနေ့လုံး အဆက်အသွယ် မရသေးဘူး။”

မေး။ ဟုတ်ကဲ့၊ အဲဒါက ဘယ်မြို့မှာ ဆွေးနွေးကြဖို့ စီစဉ်ထားတာလဲခင်ဗျ။

မိုင်အိုက်ကျော်။ “မိုင်းလားပါခင်ဗျ။”

မေး။ ဟုတ်ကဲ့၊ ၃ ဖွဲ့ကတော့ ဆရာတို့ TNLA ရယ်၊ AA ရယ်၊ MNDAA ရယ်ပေါ့နော်။ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေပေါ့နော်။

မိုင်အိုက်ကျော်။ “ဟုတ်ကဲ့။”

မေး။ ဆွေးနွေးကြမယ်ဆိုတော့ ဆရာတို့ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားတာတွေ ဘာတွေတော့ ရှိမှာပဲလေ။ အဲဒီတော့ ဆရာတို့ဘက်က ဘယ်လိုပုံစံမျိုး ဆွေးနွေးချင်တာလဲခင်ဗျ။ အဓိက ကျနော်တို့ သိချင်တာက ဒီ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့က အခုဆိုလို့ရှိရင် အရက် (၂၀) လောက်ပဲ လိုတော့တယ်ပေါ့နော်။ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ် ပြောတယ်။ ဆိုတော့ ဆရာတို့အနေနဲ့ တက်ဖို့ အစီအစဉ်ရှိပါသလား၊ ဆရာတို့အချင်းချင်း ဘယ်လို ဆွေးနွေးထားပါသလဲ။

မိုင်အိုက်ကျော်။ “အဲ… သူတို့ကျတော့ နဂိုကတည်းက ၂၁ ရာစု ပင်လုံညီလာခံကတော့ အစိုးရဘက်က ဖိတ်ကြားလို့ရှိရင်တော့ တက်မယ့်ဆန္ဒရှိတယ်လို့တော့ ကျနော်တို့ မူလကတည်းက သဘောတူထားတာပေါ့နော်။ တက်မယ်၊ မတက်ဘူးဆိုတဲ့ စောစောကပြောတဲ့ သူ့ရဲ့ အဖြေကတော့ ကျနော်ထင်တာကတော့ နောက်ဆုံးကတော့ အခု တွေ့ဆုံပွဲပေါ့နော်၊ အဲဒီအပေါ်မှာတော့ အများကြီး မူတည်လိမ့်မယ်။ ကျနော်တို့က တက်ခွင့်ရပါ့မလား။ ပြီးရင် အစိုးရဘက်က ဖိတ်မလားဆိုတာကတော့ ဒီ တွေ့ဆုံပွဲပြီးမှ ဂဃနဏ သိရမယ့် အခြေအနေတော့ ရှိတယ်။”

မေး။ နောက်တခုက၊ ဟုတ်ပါပြီ….. ဆရာ စောစောက ပြောသလို ဒီ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မရှင်ဘက်က၊ အစိုးရဘက်ကနေပြီးတော့ ဆရာတို့ကို ညီလာခံတက်ဖို့အတွက် ဖိတ်တယ်ဆိုရင်၊ ဆရာတို့က တက်မယ်ဆိုရင် ဆရာတို့ဖက်ကရော Precondition တွေ ဘာတွေ ရှိပါသလဲ၊ ကြိုတင် ကန့်သတ်ထားတာ။ ခင်ဗျားတို့ တက်တော့တက်ပါ၊ ဒါပေမယ့် ဒီအချက်တွေ ဒီအချက်တွေတော့ ခင်ဗျားတို့ မဆွေးနွေးပါနဲ့၊ ဥပမာ ဆိုကြပါစို့၊ ဆရာတို့ဖက်က ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ တအာင်းပြည်နယ် ရရှိရေးတို့ ဘာတို့ ပြောဆိုကြတာတွေ ရှိတော့ ဆရာတို့ဘက်က ဘယ်လိုအချက်တွေပါရင်တော့ ကျနော်တို့က ညီလာခံကို တက်မှာပါဆိုတဲ့ ပုံစံမျိုး ရှိပါသလားခင်ဗျာ။ ဆရာတို့ဖက်က လိုချင်တဲ့အချက်တွေ။

မိုင်အိုက်ကျော်။ “ဟုတ်ကဲ့၊ ဒါကတော့ နဂိုကတည်းက ဒီအစိုးရတက်ကတည်းက ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ဒီငြိမ်းချမ်းရေးရဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့၊ လက်တွဲဆောင်ရွက်သွားဖို့က ဆန္ဒရှိတယ်၊ ဒီ အစိုးရသစ် ဖော်ဆောင်နေတဲ့ ဒီ ၂၁ ရာစု ပင်လုံညီလာခံပေါ့နော်၊ အဲဒီဟာကိုလည်း ကျနော်တို့က လိုလားတယ်။ ပြီးရင် ကျနော်တို့ ကိုယ်တိုင်ကလည်း ပါချင်တယ်၊ တက်ချင်တယ်ဆိုပြီးမှ ကျနော်တို့ရဲ့ သဘောထားတွေကို ထုတ်ဖော် ပြောထားတာရှိတယ်။ တက်နိုင်မယ်၊ မတက်နိုင်ဘူးကတော့ ကျနော်တို့ အခုထိကတော့ ယတိပြတ်က မရှိသေးဘူး။ တရားဝင် ဖိတ်ကြားခံရတာလည်း မရှိသေးဘူး။ ကန့်သတ်ချက် ရှိမရှိဆိုတာတော့ ကျနော်တို့လည်း အခုထိ ဘာမှ အဖြေမသိသေးဘူး ခင်ဗျ။”

မေး။ အစိုးရဖက်က ကိုယ်စားလှယ်တွေတောင် မိုင်းလားကို ရောက်နေပြီဆိုတော့ ဒီ AA တို့၊ MNDAA တို့က ကိုယ်စားလှယ်တွေကလည်း မိုင်းလားမှာ ရှိနေမှာပဲ မဟုတ်လားဆရာ။ အဲဒီတော့ ဆရာတို့အချင်းချင်းရော ဆွေးနွေးဖြစ်ကြသလား။ အစိုးဘက်က ကိုယ်စားလှယ်လာရင် ဘယ်လို ဆွေးနွေးကြမယ်ဆိုတာကိုလေ။ ဘာဖြစ်လို့လည်းဆိုတော့ ဆရာတို့ ၃ ဖွဲ့က တစု တဖွဲ့လို အများစုက မြင်နေကြတာကိုး။ ဆရာတို့က လောလောဆယ်မှာ ပဲ့ကျန်နေတဲ့ ပုံစံမျိုး ပေါက်နေတော့ ဆရာတို့အချင်းချင်း တိုင်ပင်ကြတာတွေရော ရှိသလား။ တိုင်တော့ တိုင်ပင်ဖြစ်ကြမှာပဲ။ ဘာတွေများ ဆွေးနွေးဖြစ်ကြသလဲ ဆရာတို့။

မိုင်အိုက်ကျော်။ “အဲဒါကလည်း ကျနော်တို့ အဆက်အသွယ် မရတာတော့ ကြာပြီ။ ဒီတခေါက်လဲ သူတို့က တွေ့ဆုံ ဆွေးနွေးမှုကတော့ ပြန်လုပ်ကြဖို့နော့်၊ ဒီမတိုင်ခင်။ ဒီဟာကိစ္စကလည်း ကျနော်တို့ အသေးစိတ်တော့ မသိရသေးဘူး။”

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၈ ရက်၊ တနင်္လာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ဗဟိုကော်မီတီ အစည်းဝေးမှာ ပြောကြားလိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG