သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆန္ဒပြသူတွေ တရားစွဲခံရ


Participants march to mark the International Day of Peace in downtown Yangon, Myanmar, Friday, Sept. 21, 2012. They pray for a cease-fire in the long-running ethnic insurgency in their Kachin State. (AP Photo/Khin Maung Win)
Participants march to mark the International Day of Peace in downtown Yangon, Myanmar, Friday, Sept. 21, 2012. They pray for a cease-fire in the long-running ethnic insurgency in their Kachin State. (AP Photo/Khin Maung Win)
စက်တင်ဘာလ ၂၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်တွေကို မြန်မာနိုင်ငံ နေရာတော်တော် များများမှာ ကျင်းပခဲ့ကြတာမှာ အဲ့ဒီလို ကျင်းပသူတွေဟာ ခေါ်ယူ သတိပေး ခြိမ်းခြောက်ခံရတာတွေ၊ တရားစွဲဆို ခံရတာတွေနဲ့ ကြုံနေရပါတယ်။ ပဲခူးတိုင်း ပြည်မြို့က ဆရာတော် ဦးဝိမလ ကို တိုင်းသာသနာရေး ဦးစီးဌာနကနေ ထောင်ဒဏ် ၃ နှစ် ချမှတ် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့လည်း မပတ်သက်မယ့်အကြောင်း ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်က ၈၈ မျိုးဆက်ကျောင်းသား ၂ ဦးနဲ့ NLD အဖွဲ့ဝင်တို့ကိုလည်း တောင်ကြီး ရဲစခန်းကနေ ဒီမနက် ဖမ်းဆီးပြီး ပုဒ်မ (၁၈) နဲ့ အမှု ဖွင့်ထားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို လုပ်တဲ့သူတွေကို အားပေးတာကြောင့် ဆိုပြီး ပဲခူးတိုင်း၊ ပြည်မြို့က ဆရာတော် ဦးဝိမလကို ညဘက်က အာဏာပိုင်တွေက ခေါ်ယူသွားပါတယ်။ ဒီအတွက် မြို့ခံ လူငယ်တွေ က ဒီနေ့မှာပဲ ပြည်မြို့မှာ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ဆရာတော်ကို ဝန်ခံကတိတွေ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပြီး ပြည်မြို့က လူအခွင့်အရေး ရှေ့နေ ဦးမြင့်အေးက ပြောပြပါတယ်။

“မနက်က လာပြောတယ်တဲ့။ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူတွေကို အရှင်ဘုရားကျောင်းမှာ လာပြီးတော့ အခမ်းအနား လုပ်လို့ရှိရင် ဒီမှာ တွေ့လား၊ ညွှန်ကြားချက်တွေ ဆိုပြီး ထုတ်ပြပြီးတော့ ထောင် သုံးနှစ်ကျမယ် လို့ ပြောလိုက်တယ်တဲ့။ ဆရာတော်လေးက မနေ့ကညနေက ပြောတယ်။ ပြောပြီးတော့ ညလည်း ရောက်ရော ဆရာတော်လေးကို ဖမ်းသွားတယ်တဲ့၊ ခေါ်သွားတယ် ဆိုပြီး ကြားတော့ ဆရာတော်လေးကို အဲဒီလို လုပ်တယ်ဆိုတော့ ကျနော်တို့လည်း ဒေါပွသွားတာနဲ့ ကလေးတွေက ဘာလုပ်ချင်လဲ ဆိုတော့ မြို့ကို ပတ်ချလိုက်တယ်။ အဖြူရောင် ဝတ်ပြီးတော့ နဖူးစည်း အပြာလေးတွေနဲ့ ပတ်လိုက်တယ်။ ဒါပေမဲ့ ၅၀၊ ၆၀ လောက် ရှိတယ်ဗျ။ ဆိုင်ကယ်တွေနဲ့ ပတ်တာ။

“နောက်က SP တို့ ဘာတို့ကတော့ အားလုံး လိုက်ပြီးတော့ မှတ်တမ်း တင်တာပေါ့ဗျာ။ လိုက်တယ်၊ ဓာတ်ပုံတွေ ရိုက်တယ်။ သူတို့ရိုက်ရင် ကိုယ်ကလည်း သူတို့ကို ပြန်ရိုက် ဆိုတော့ အပြန်အလှန်တွေပေ့ါ။ အခုမနက်ကျတော့ ဆရာတော်လေးက ပြန်ရောက်နေပြီ။ သူ့ကျောင်းမှာ သူ ပြန်ရောက်နေပြီ။ ရောက်နေတော့ ကျနော်တို့က လျှောက်ထားကြတာပေါ့။ အရှင်ဘုရား ဘယ်လိုဘယ်လိုလဲ ဆိုတော့၊ အေး ဟုတ်တယ်တဲ့။ ညတုန်းက လာခေါ်တယ်တဲ့။ တိုင်း သာသနာရေး ဦးစီးမှူးရဲ့ တပည့်နှစ်ယောက်က လာခေါ်ပြီးတော့ စာနဲ့လည်း ထုတ်ခေါ်တယ်။ လာခဲ့ပါပေါ့။ သံဃာ့ နာယက အဖွဲ့ကို လာပါ ဆိုတော့ သူ လိုက်သွားတယ်တဲ့။ ဆိုင်ကယ်နဲ့ လိုက်သွားရတယ်တဲ့။ ၇ နာရီခွဲလောက်မှာ။ အထဲ ရောက်လည်း ရောက်ရော လက်မှတ်ထိုး၊ နောက်ဆိုရင် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ လက်မှတ်ထိုးပါ ဆိုတော့ ကျုပ် ထိုးပေးခဲ့ရတယ်တဲ့။”

ရှမ်းပြည်နယ်မှာ လုပ်တဲ့ ငြိမ်းချမ်း ရေးပွဲကို ဦးဆောင်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှမ်းပြည်နယ် က ကိုနေမျိုး အပါအဝင် ၃ ဦးကိုလည်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို ခွင့်ပြုချက်မရဘဲ လုပ်တဲ့အတွက် ရဲစခန်းက ပုဒ်မ (၁၈) နဲ့ အမှု ဖွင့်လိုက်ပါတယ်။ ကိုနေမျိုး ပြောပြတာကတော့ -

“၄ နာရီခွဲကနေ ၆ နာရီအထိပေါ့နော်။ ကျနော်တို့ ဥပဒေ ချိုးဖောက်တဲ့အကြောင်းကို ရှင်းပြတာပါ။ ကျနော်တို့ ပြည်နယ်ရဲမှူးကြီး ခေါ်ပြောတာ။ တည်ဆဲ ဥပဒေပေါ့ဗျာ။ ဒါပေမဲ့ ညကျတော့ ရန်ကုန်တိုင်း ရဲမှူးက ခေါင်းဆောင်တဲ့သူကို ဖမ်းမယ်ဆိုတော့ မနက် ၁၀ နာရီကို အမှတ် (၁) ရဲစခန်းကို ခေါ်တယ်ဗျ။ မြို့နယ်ရဲမှူးကြီးက - ဥပဒေ ချိုးဖောက်တဲ့အတွက်ကြောင့် ပုဒ်မ (၁၈) နဲ့ညှိတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ကို နှစ်ယောက် စွဲချက်တင်မယ်။ ချက်ချင်း အာမခံရင် ကျနော်တို့ကို ပြန်လွှတ်ပါ့မယ်လို့တော့ ပြောတယ်ဗျ။”

ရန်ကုန်မှာတော့ ဗကသ ကျောင်းသားတွေနဲ့မျိုးဆက်သစ် လူငယ်တွေ၊ ကချင်ကွန်ယက်က အမျိုးသမီးတွေကို လိုက်လံဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့အကြောင်း ဗကသများ အဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်က ပြောပါတယ်။

“မနေ့ကတော့ လိုက်ဖမ်းတယ်ဗျ။ လိုက်ဖမ်းတယ်။ လိုက်ဖမ်းတယ် ဆိုတာလေ၊ ကျနော်တို့ထဲကဆိုရင် ဟန်နီဦးနဲ့ သီဟဝင်းတင် လေ။ သူတို့ကိုတောင်မှ အိမ်ကို SP တွေက လာမေးသေးတယ်။ မေးရုံပဲ မေးတာပေါ့နော်။ ဘာခေါင်းစဉ် ညာခေါင်းစဉ်မှ မတပ်ဘဲနဲ့ မတွေ့တာ ကြာလို့ပါ ဘာညာ ဆိုပြီး ပြောတယ်။ မနေ့က လုပ်ခဲ့တဲ့ ကိစ္စလို့လည်း မပြောဘူး။ အဲဒီလို လုပ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ မိုးသွေး ကိုတော့ ကန်ဘောင်ကနေ ထွက်ကတည်းက နောက်ကနေပြီးတော့ လိုက်တာ။ အဲဒီလိုမျိုး လိုက်ဖမ်းတာတွေတော့ ရှိတယ်။ တခြား ကချင်က ကောင်မလေးတယောက်လည်း ပြေးနေရတယ် ကြားတယ်။”

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ဆောင်နေသူတွေဟာ အခုချိန်မှာတော့ တိမ်းရှောင်နေရဆဲ ဖြစ်ပြီး နေအိမ်တွေမှာလည်း လိုက်လံ ရှာဖွေတာတွေ လုပ်နေတဲ့အတွက် မိသားစုဝင်တွေက ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG