သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စဲရေး ပထမမူကြမ်း အားရဖွယ်ရှိ


မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေတဲ့အပစ်ရပ်စဲရေး ဆွေးနွေးပွဲမြင်ကွင်း။
မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေတဲ့အပစ်ရပ်စဲရေး ဆွေးနွေးပွဲမြင်ကွင်း။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရေးဆွေးနွေးပွဲရဲ့ တတိယနေ့မှာ စာချုပ်ပါအခန်း အတော်များများကို ဆွေးနွေးပြီးစီးသွားပြီး မနက်ဖြန် နေ့ခင်းလောက်မှာတော့ ပထမမူကြမ်းကို အပြီးရေးဆွဲနိုင်မှာဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ထိ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအပေါ်မှာတော့ နှစ်ဖက် အားရကျေနပ်မှုရှိကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်က ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းရရှိရေး မူလက ၂ ရက်ဆွေးနွေးဖို့ သတ်မှတ်ခဲ့ပေမဲ့ ဒီကနေ့ ထိမပြီးပြတ်သေးဘဲ မနက်ဖြန်ထိ ဆက်လက် ဆွေးနွေးဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဆွေးနွေးပွဲအပြီးမှာတော့ စာချုပ်မူကြမ်းပါ အခန်း ၇ ခန်းအနက် ၅ ခန်း လောက်ကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“စုစုပေါင်း နှစ်ဘက် ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ သဘောတူထားတာက နိဒါန်းရယ်၊ အခန်း (၇) ခန်းရယ် ရှိပါတယ်။ ဒီနေ့ကတော့ အခန်း (၅) ရဲ့ နောက်ဆုံးတပိုဒ်ပဲ ကျနော်တို့ ဆွေးနွေးဖို့ ကျန်ပါတော့တယ်။ မနက်ဖြန်မှာ အခန်း (၅) တပိုဒ်နဲ့ အခန်း (၆)၊ အခန်း (၇) ကို ဆက်ပြီး ဆွေးနွေးပါမယ်။ ဒီမူကြမ်းအနေနဲ့ မနက်ဖြန် နေ့လည်စာ စားချိန်လောက်မှာလည်း ဒီအစည်းအဝေးက ပြီးကောင်းလည်း ပြီးနိုင်ပါတယ်။ ဒီနေရာမှာတော့ နှစ်ဘက် သဘောတူထားတာက အခု ရထားတဲ့ဟာက နှစ်ဘက်သဘောတူတဲ့ မူကြမ်း ပထမအဆင့်ဖြစ်တဲ့အတွက် ဒါတွေထဲက တချို့အချက်အလက်တွေကိုတော့ ပြန်ပြီးတော့ ညှိနှိုင်းဖို့တော့ ကျန်ပါတယ်။ အဲဒီရက်တွေကိုတော့ မနက်ဖြန် ပြီးတဲ့အချိန်မှာ နှစ်ဘက် ခေါင်းဆောင်တွေက ထုတ်ပြန်ပါမယ်။”

ရရှိထားတဲ့ မူကြမ်းကို အချောသပ်ရေးဆွဲနိုင်ဖို့ အတွက် လိုအပ်ချက်ကိုတော့ ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“ဆွေးနွေးတဲ့ အခက်အခဲ ဘာတစ်ခုမှ မရှိပါဘူး။ ကျနော်တို့လိုအပ်တာကတော့ အချိန်ရယ်၊ နောက် သဘောထားကိုတော့ နှစ်ဘက်မှာ ညှိနှိုင်းဖို့ တချို့ဟာလေးတွေ ကျန်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ပါဝင်ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ရဲ့ ဒု အဖွဲ့ခေါင်းဆောင် ပဒို စောကွယ်ထူးဝင်းကတော့ ဒီကနေ့ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအထိမှာ အားရကျေနပ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ပြန်လည်ပြီးတော့ ဆွေးနွေးရမယ့် အချက်တွေ ရှိနေတယ်။ သဘောမတူဘူးဆိုတဲ့ အနေအထားတော့ မဟုတ်ဘူး။ ပြန်လည်ဆွေးနွေးရမယ့်အနေအထားဆိုတော့ ကျနော်တို့ အားရဖို့ဖြစ်တဲ့၊ အားရမှုရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတခုပဲလို့ ကျနော်တို့ မြင်တယ်။ ဒါကို ကျနော်တို့က ဒီနေ့လုပ်ဆောင်မှုရဲ့ result ပေါ့လေ၊ အဖြေ။ အားရဖို့လည်းကောင်းတယ်၊ နောက်ပြီး မနက်ဖြန် ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမယ်။ ကျနော်တို့ သဘောတူညီထားတဲ့ ခေါင်းစဉ် (၇) ခန်းလုံးကိုလည်း မနက်ဖြန်မှာ ပြီးစီးသွားမယ်လို့ ယုံကြည်ပါတယ်။”
တနိုင်ငံလုံး အပစ်ရပ်စဲရေး ပထမမူကြမ်းအတွက် ဆွေးနွေးနေစဉ်။
တနိုင်ငံလုံး အပစ်ရပ်စဲရေး ပထမမူကြမ်းအတွက် ဆွေးနွေးနေစဉ်။

ပါဝင်တက်ရောက်ခဲ့သူတဦးကတော့ ဖက်ဒရယ်လို၊ ပြည်တွင်းစစ်လို စတဲ့ စကားလုံးရွေးချယ်မှုအပိုင်းတွေမှာ နှစ်ဘက် ကျေလည်အောင် အချိန်ပေး ဆွေးနွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကိုတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ ဖက်ကတော့ ဒု-အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်ပြီး အခြားအဖွဲ့ဝင်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပထမအဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒု-အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ၂ ယောက်တော့ ဒီကနေ့ ဆွေးနွေးပွဲမှာ တက်ရောက်တာမရှိပါဘူး။ သူတို့ ပါဝင်မတက်ရောက်တဲ့အကြောင်းကိုတော့ NCCT အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ လံျမှုန်းဆာခေါင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ မတက်တဲ့ အကြောင်းရင်းကတော့- ကျနော်တို့ အစကတည်းက ဆွေးနွေးထားတာကျနော်တို့ မတက်တဲ့အကြောင်းရင်းကတော့ ဦးဆောင်ဖို့က ပဒိုကွယ်ထူးကို လုပ်ခိုင်းတယ်လေ။ ဆိုတော့ ပထမ ၂ ရက်က ကျနော်တို့ အားလုံးနှစ်ဘက်စုံ တွေ့ဆုံတဲ့ပွဲ ဖြစ်တယ်။ ဒီနေ့ ဆွေးနွေးတဲ့အခါကျတော့ ပဒိုကွယ်ထူး ဦးဆောင်ပြီးတော့ ကျနော်တို့ ဒါရိုက်တာတွေနဲ့ပဲ သွားနေတဲ့ ပွဲဖြစ်နေတော့ ကျနော်တို့အနေနဲ့ တက်ဖို့ မလိုဘူးလေ။ ဆရာနိုင်ဟံသာကလည်း တခြားအလုပ် အရေးကြီးတဲ့ကိစ္စရှိတော့ ပြန်သွားပြီ။ ဗိုလ်ချုပ်ဂွမ်မော်ကလည်း တခြား အရေးကြီးတဲ့ ကိစ္စတွေ ဆောင်ရွက်နေလို့။”

အစိုးရ ကိုယ်စားလှယ်ဖက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ ဒုဥက္ကဋ္ဌ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်နဲ့အတူ တပ်မတော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG