သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး ထိပ်သီးညီလာခံ ကျင်းပမည်


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲ (သြဂုတ် ၇၊ ၂၀၁၅)
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲ (သြဂုတ် ၇၊ ၂၀၁၅)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲ ရဲ့ ဒုတိယနဲ့နောက်ဆုံးရက်မှာ စာချုပ်လက်မှတ် ရေးထိုးရာမှာ အားလုံးပါဝင်ရေး All Inclusive ဆိုတဲ့ အချက်တချက်ကလွဲလို့ ကျန်စာချုပ်ပါ အချက်တွေအားလုံးကို သဘောတူညီချက်ရခဲ့ပါတယ်။ လက်ရှိသဘောတူညီချက်မရသေးတဲ့ အားလုံး ပါဝင်ရေး ဆိုတဲ့ အချက်ကို မကြာမီရက်တွေအတွင်းမှာ ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော် မှာ ထပ်မံ ဆွေးနွေးဖို့ ရှိနေပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလည်း အများပြည်သူသိရှိအောင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD တို့ရဲ့ ၂ရက်ကြာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အချောသတ် ညှိနှိုင်းဆွေးနွေးပွဲဟာ ဒီကနေ့ နေ့ခင်း ၂နာရီကျော်မှာ ပြီးဆုံးခဲ့ပြီးတဲ့နောက် အချက် ၄ချက်ပါ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်က အဓိက အချက်တွေကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"မနေ့တုန်းက ကျနော်တို့တင်ပြခဲ့တဲ့ ဆွေးနွေးဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော် SD က အဆိုပြုထားတဲ့ All Inclusive ဆိုတဲ့ကိစ္စကို ဒီနေ့ ကျနော်တို့ တနေ့လုံး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတော့ ခုနတုန်းက အချက်လေးချက် ပါတဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ကျနော်တို့ NCA Text စာက အခန်း(၇)ခန်းနဲ့ အပိုဒ် (၃၃) ပိုဒ်ပါ ပါတယ်။ ၃၃ ပိုဒ်လုံးကို တိုင်းရင်းသားများ ဘက်ကနေပြီးတော့ ပါဝင်လက်မှတ်ရေးထိုးမယ့် အဖွဲ့အစည်းများ ကိစ္စ မှ လွဲပြီးရင် ကျန်တဲ့အချက်တွေ အားလုံးကို နှစ်ဖက် ညှိနှိုင်းပြီးတော့ သဘောတူခဲ့တယ်ဆိုတာကို ဒီသဘောတူညီချက်ထဲမှာ ပူးတွဲထုတ်ပြန်ထားပါတယ်။"

ဒီကနေ့ရရှိတဲ့သဘောတူညီချက်တွေအရဆိုရင် NCA မှာ ပါဝင်လက်မှတ်ရေးထိုးမယ့် အဖွဲ့အစည်းတွေကို ညှိနှိုင်းဖို့ကလွဲလို့ ကျန်တာတွေ အချောသတ်နိုင်ပြီဖြစ် တာကြောင့် မကြာခင် NCA ပါအချက်တွေကို ထုတ်ပြန်သွားဖို့ ရှိကြောင်း လည်း ပြောပါတယ်။ လောလောဆည်မှာတော့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ SD မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများတပ်ဦး ABSDF တို့ ပါဝင် တာဖြစ်ပါတယ်။

SD အဖွဲ့မှာ ပါဝင်တဲ့ 'ဝ' အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ပါဝင်လက်မှတ်ရေးထိုးဖို့ အစိုးရဖက်က လက်မခံသေးတာဖြစ်ပါတယ်။

SD မှာပါဝင်တဲ့ ၁၇ဖွဲ့လုံးပါဝင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီး ကိုယ်စားလှယ်တွေ နေပြည်တော်ကို သွားရောက်ပြီး ထပ်မံဆွေးနွေးဖို့ ရှိကြောင်း SD ရဲ့ ဒုအဖွဲ့ခေါင်းဆောင် ၂ဖြစ်တဲ့ ပူးဇင်ကျုံးက ပြောပါတယ်။

" ဒီကျန်တဲ့ အားလုံးပါဝင်တဲ့မူနဲ့ပတ်သက်တဲ့ ကိစ္စကိုလည်း မကြာခင်မှာပဲ ထိပ်သီးခေါင်းဆောင်တွေ နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်တွေ သမ္မတက အစ တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ပြီးတော့မှ အဲ့ဒီ့မှာ ကျနော်တို့ အဖြေရှာကြမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အဖြေရှာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ "

နေပြည်တော်မှာ ထိပ်သီး တွေ့ဆုံရက်ကိုတော့ ဒီလထဲမှာပဲ ကျင်းပဖို့ သတ်မှတ်ထားပြီး မကြာခင် ထုတ်ပြန်ဖို့ ရှိကြောင်းလည်း ဦးလှမောင်ရွှေက ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်NCA လက်မှတ်ရေးထိုးရေးကတော့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲအပေါ်မှာ မူတည်နေပြီး နှစ်ဖက် ညှိနှိုင်းမှု မအောင်မြင်ရင်တော့ လက်မှတ်ရေးထိုးရေးဟာ ကြန့်ကြာဖွယ်ရှိတယ်လို့လည်း SD အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနိုင်ဟံသာက ပြောပါတယ်။

"ညှိနှိုင်းလို့မရရင် ဒါကတော့ ဒါကတော့ ဒီကိစ္စကတော့ တစ်ဆို့သွားမှာပေါ့ဗျာ။ ခဏ ရပ်ထားလိုက်ရမယ်။ အခုကတော့ ရွေးကောက်ပွဲ ကာလနဲ့ဆိုတော့ နည်းနည်းတော့ ရပ်ထားရမှာပေါ့ဗျာ။ နောက် အစိုးရသစ် တက်လာရင် ဒီကိစ္စ ကတော့ မဆွေးနွေးလို့ မဖြစ်ဘူးလို့ အန်ကယ်တို့ မြင်တယ်။ "

ဒီနေ့ ဆွေးနွေးပွဲပြီးဆုံးချိန်အထိကတော့ အစိုးရဖက်က SD မှာ ပါဝင်တဲ့ ၁၁ဖွဲ့ နဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP၊ မိုင်းလားခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း နဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တို့ အပါအဝင် ၁၅ဖွဲ့နဲ့ ပထမဆုံး လက်မှတ်ရေးထိုးဖို့ မူ ချမှတ်ထားကြောင်း၊ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖိတ်ကြားဖို့ ရှိနေကြောင်း ဦးလှမောင်ရွှေကပြောဆိုပါတယ်။

ဒီကနေ့ပြီးဆုံးသွားတဲ့ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာတော့ နှစ်ဖက် ကိုယ်စားလှယ်တွေဟာ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပပြီး ငြိမ်းချမ်းရေးရရှိရေး အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG