သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မပြီးပြတ်သေးသည်များ ဆွေးနွေး


အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ဆဌမအကြိမ်မြောက် ဆွေးနွေးပွဲ။ (၀၉-၂၂-၁၄)
အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ဆဌမအကြိမ်မြောက် ဆွေးနွေးပွဲ။ (၀၉-၂၂-၁၄)

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရရှိရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ ဆဌမအကြိမ်အဖြစ် ထပ်မံတွေ့ဆုံပြီး အရင်က မပြီးပြတ်သေးတဲ့ အချက် ၄ ချက်ကို ဆက်လက် ဆွေးနွေးကြပါတယ်။ ဒီကနေ့ ဆွေးနွေးရာမှာတော့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်ကို ဆွေးနွေးရာမှာ အလုပ်အဖွဲ့နဲ့ ဆွေးနွေးဖို့ သဘောတူညီချက်အစား လက်ရှိဆွေးနွေးပွဲမှာပဲ ထည့်သွင်းသွားဖို့ နှစ်ဖက်သဘောတူညီခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်က ကိုမိုးဇော်က စုံစမ်းတင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ ဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစောင်ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအချိန်ထိ ဆွေးနွေးခဲ့ပါတယ်။ ၅ ရက်ကြာ သတ်မှတ်ထားတဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲရဲ့ ပထမနေ့မှာ အဓိက ဆွေးနွေးခဲ့ကြတဲ့အချက်တွေကို NCCT အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက အခုလို ပြောပါတယ်။

“ပထမနေ့ဖြစ်နေတော့ ဆွေးနွေးပွဲပုံသဏ္ဍန်ဟာ အနည်းငယ်ပြောင်းလဲတဲ့အပေါ်မှာ ကျနော်တို့ အချိန်ယူပြီးတော့ ညှိရတယ်။ အခုက တတိယမူကြမ်း သဘောမျိုး ဖြစ်တာပေါ့နော်။ အဲဒီ တတိယမူကြမ်းကို ကျနော်တို့ အသေးစိတ် အစအဆုံး ပြန်ကြည့်တယ်။ အထူးသဖြင့်က ကျနော်တို့ သဘောထားမတူနိုင်တဲ့ အချက်တွေကို အဓိကထား ဆွေးနွေးတာပေါ့။”

ဒီလို ပြင်ဆင်ပြောင်းလဲတဲ့ အချက်တွေကတော့ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ Joint monitoring Committee ဖွဲ့စည်းရေးနဲ့ နှစ်ဖက် စစ်သည်တွေ လိုက်နာရမယ့်ကျင့်ဝတ် Code of Conduct ရေးဆွဲတာကို လက်ရှိဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးသွားဖို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ သြဂတ်စလတုန်းကတော့ Joint Monitoring Committee ဖွဲ့စည်းရေးကိစ္စရယ်၊ Military Code of Conduct ရယ်၊ ကန့်သတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အလုပ်အဖွဲ့ ဖွဲ့ပြီးတော့မှ သီးခြားဆွေးနွေးမယ်လို့ ကျနော်တို့ သဘောတူထားခဲ့တယ်။ ဒါပေမယ့် အခုက သီးခြားဆွေးနွေးတာထက် အားလုံးပေါင်းပြီးတော့ တခါတည်းဆွေးနွေးတာက ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ --- သီးခြားဆွေးနွေးရင်လည်း အားလုံးပေါင်းပြီးတော့ ထပ်ဆွေးနွေးဖို့ လိုမှာပဲ၊ အဲဒီတော့ အတည်ပြုချက်တွေ ဘာတွေယူဖို့ ပိုလွယ်အောင်ဆိုပြီးတော့ သီးခြား မဆွေးနွေးတော့ဘဲနဲ့ ပေါင်းပြီးတော့ ဆွေးနွေးဖို့ သဘောတူထားပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသားတွေ ပူးပေါင်းရေးဆွဲနေတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှာ အခန်း ၇ ခန်း၊ အချက် ၁၂၀ ကျော် ပါဝင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ နောက်ဆုံး တွေ့ဆုံဆွေးနွေးပွဲမှာတော့ ဆက်လက်ဆွေးနွေးဖို့ ၄ ချက်သာ ကျန်ရှိတာဖြစ်ပါတယ်။

ဒီအချက် ၄ ချက်မှာ ဒီကနေ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဆွေးနွေးရမယ့်အချက်တွေဟာ အရင်ဆွေးနွေးပွဲတွေက ညှိနှိုင်းဖို့ ခက်ခဲတာတွေဖြစ်တာကြောင့် အချိန်ယူဆွေးနွေးဖို့ လိုအပ်မယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။

“၅ ချက်လောက်ပဲ ကျန်တယ်။ ဒါပေမယ့် အစည်းအဝေးကိုလည်း ကျနော်တို့ ၅ ရက် အချိန်ယူထားတဲ့အတွက် ဒီနေ့ ဆွေးနွေးလို့ မကျရင်လည်း နောက်နေ့မှာ ပြန်ဆွေးနွေးလို့ရတယ်လေ။ ဆွေးနွေးပွဲရဲ့ သဘောသဘာဝကတော့ နောက်ဆုံးအချက်နည်းလေလေ၊ ဒါကို ညှိနှိုင်းဖို့ လိုလေလေ ဆိုတဲ့သဘောပါပဲဗျာ။”

လက်ရှိ ဆွေးနွေးပွဲမတိုင်ခင် ဒီလ ၁၉ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်းသားအရာရှိများနဲ့တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ့နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

UNFC ရဲ့ အဖွဲ့ခေါင်းဆောင်တဦးလည်းဖြစ်၊ NCCT မှာလည်း ကိုယ်စားလှယ်အဖြစ်ပါဝင်သူတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥကာကတော့ UNFC ဟာ NCCT ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်နေတာကြောင့် စိုးရိမ်ဖို့ မရှိကြောင်း အခုလို ပြောပါတယ်။

“NCCT မှာ တခါတည်း အင်တိုက်အားတိုက် ပါဝင်ပြီးတော့ အလုပ်လုပ်နေတဲ့ တပ်ပေါင်းစု ဖြစ်နေတယ်။ ဒါကြောင့် အခု ကာချုပ် စိုးရိမ်တဲ့အချက်တွေက မစိုးရိမ်သင့်ဘူးပေါ့ဗျာ။ အဲဒါကတော့ ကျနော်တို့ကတော့ ရဲရဲတင်းတင်းပဲ ပြန်ပြီးတော့ တင်ပြချင်တာပါ။”

ဒီလဆန်းပိုင်း ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ညီလာခံမှာ UNFC က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဆိုပြီး ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဒီတကြိမ်မှာ အပြီးအပြတ် ဆွေးနွေးနိုင်ဖို့ အရင်က နှစ်ဖက် ခေါင်းဆောင်တွေက မျှော်လင့်ထားကြပြီး အောက်တိုဘာလမှာ နိုင်ငံရေးဆွေးနွေးပွဲ တရပ်ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။

XS
SM
MD
LG