သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး ဆက်ဆွေးနွေးဖို့ လိုအပ်


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုအတွင်း အစိုးရဘက်က ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာကို မူအားဖြင့် သဘောတူလိုက်ပေမယ့်လည်း အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ မစခင် ကြားကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်ချက်အပေါ်မှာတော့ အစိုးရဘက်က သဘောမတူသေးပါဘူး။ ဒီအချက်အပါအဝင် အရေးကြီးအချက် ၃ ခုကိုတော့ စက်တင်ဘာလမှာ ဆက်ပြီး ဆွေးနွေးဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းကို ၃ရက်ကြာ ဆွေးနွေးအပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်က အခုလို ထုတ်ဖော် ပြောဆိုတာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှုတွေ မစတင်နိုင်ခင်အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေရဲ့ ရပ်တည်မှုအခန်းဏ္ဍ၊ နောက်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေ ဘယ်အခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာနဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ ဘယ် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ပါဝင်မလဲဆိုတာတွေကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ကြားမှာ သဘောတူညီမှုမရသေးတဲ့အကြောင်း NCCT ခေါင်းဆောင်တဦးဖြစ်သူ နိုင်ဟံသာက ပြောပါတယ်။

“အရေးကြီးတဲ့အချက် သုံးချက် ကျန်ပါသေးတယ်။ အဲဒီ အချက်သုံးချက်ကတော့ တစ်-အချက်ကတော့ ကြားကာလမှာ ဘယ်လို ရပ်တည်နေထိုင်သွားမယ် ဆိုတဲ့ဟာ၊ ကြားကာလမှာ ဘယ်လို နေထိုင် ရပ်တည်သွားမယ်ဆိုတဲ့ အပိုင်းတွေ၊ ဘာတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့အပိုင်းတွေ။ အဲဒီမှာ အစီအစဉ်က မကျသေးဘူး။ အဲဒါက တချက်။ နောက်တချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်အုပ်စုက ပါဝင်မလဲ၊ အုပ်စု ဘယ်အုပ်စုစီ တက်ရောက်နိုင်မလဲဆိုတဲ့ဟာမှာလည်း အမြင် မတူညီသေးဘူး။ နောက် တချက်ကျန်ပါသေးတယ်။ နောက်တချက်ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့နေရာမှာ အဖွဲ့ ဘယ်နှစ်ဖွဲ့ ပါဝင်မလဲ ဆိုတဲ့ဟာလေ၊

“အဓိကအားဖြင့်ကတော့ အန်ကယ်လ်တို့ရဲ့ NCCT အဖွဲ့ဝင်တွေထဲ တချို့အဖွဲ့ကို အစိုးရဘက်က လောလောဆယ်အားဖြင့် အသိအမှတ်ပြုမထားဘူး၊ အသိအမှတ်မပြုတော့ သူတို့အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့နေရာမှာ သူတို့ မပါဝင်ဘူးဆိုရင် သူတို့အပေါ်မှာ ဘယ်လို သဘောထားမလဲပေါ့။ အဲဒါ သူတို့ မရှင်းဘူးဖြစ်နေတယ်။”

တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောမတူနိုင်သေးတဲ့အချက်တွေ ကျန်ရှိနေသေးတာမို့ နှစ်ဘက်တို့ အကြိတ်အနယ် ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်တဦးဖြစ်သူ နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။ ဒီအချက်တွေကိုတော့ လာမယ့် စက်တင်ဘာလမှာ နှစ်ဘက်အကြား ဆက်ပြီး ဆွေးနွေးကြဖို့လည်း သဘောတူ ခဲ့ကြပါတယ်။ ဒီ ၃ ရက်ကြာ ဆွေးနွေးပွဲအတွင်းမှာ အစိုးရဘက်က တိုင်းရင်းသာတို့ရဲ့အဓိက လိုလားချက်ဖြစ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာကို မူအားဖြင့် သဘောတူလိုက်တာပါ။ ဖယ်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရလာတဲ့အဖြေတွေနဲ့ ဖော်ထုတ်ဖို့လို့ အစိုးရဘက်က ဖော်ပြတဲ့အကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောဆိုပါတယ်။

“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ဟာကိုလည်း တနည်းအားဖြင့်တော့ လက်ခံလိုက်တယ်လေ။ လက်ခံတဲ့ပုံစံကတော့ သူတို့ဘက်က ရေးတဲ့ပုံစံက ဒီလိုပါ။ ဖက်ဒရယ်မူအပေါ်မှာအခြေခံတဲ့ ပြည်ထောင်စုကို၊ နိုင်ငံရေး ဆွေးနွေးပွဲက ရလာတဲ့အဖြေများကို ဖော်ထုတ်ဖို့ ဆိုပြီးတော့၊ ပြည်ထောင် တည်ထောင်ဖို့ ဆိုပြီးတော့- အဲဒီလို သဘောထား ရှိပါတယ်။ အဲဒါကတော့ အရေးအကြီးဆုံးပါ။”

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာက ၃ ရက်တာ ဆွေးနွေးပွဲအတွင်းမှာတော့ အပစ်အခတ်ရပ်စဲချိန်ကာလအတွင်း နှစ်ဘက်တပ် နေရာချထားရေး၊ တပ်တွေ လိုက်နာရမယ့်ကျင့်ဝတ်၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် စောင့်ကြည့်ရေး စတာတွေကိုလည်း သဘောတူနိုင်ခဲ့ကြပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့မှာတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ နိုင်ငံရေးပါတီတို့ကြား အပစ်အခတ် ရပ်စဲရေး နောက်ပိုင်း ကိစ္စတွေကို အလွတ်သဘော ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG