သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA သဘောတူညီချက်မှာ စွက်ဖက်မှု ရှိကြောင်း တရုတ် စွပ်စွဲခံရ


UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပခဲ့စဉ်က။
UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပခဲ့စဉ်က။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အားလုံး မပါနိုင်ပဲ ဖြစ်နေရတာဟာ တရုတ် နိုင်ငံက ဝင်ရောက် စွက်ဖက် နေတာကြောင့် ဖြစ်တယ်လို့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ လက်မှတ်ရေးထိုးဖို့ ရက်ပိုင်း အလိုမှာပဲ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ်မှာ လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ အဖွဲ့အားလုံး ပါဝင်ခွင့်ရမှသာ သူတို့အနေနဲ့ NCA ကို လက်မှတ်ရေးထိုး နိုင်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ က ပြောထားပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တင်းခံနေရတဲ့ အကြောင်းက တရုတ်အာဏာပိုင်တွေက နောက်ကွယ်မှာ ဝင်ရှုပ်နေတာကြောင့် ဖြစ်တယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့တာဝန်ရှိသူဖြစ်တဲ့ ဦးမင်းဇော်ဦးက VOAကို ခုလိုရှင်းပြ ပါတယ်။

" အဲ့တော့ အဓိကကတော့ ကိုးကန့်ထိုးစစ် ဖြစ်သွားတဲ့အပေါ်မှာ ကိုးကန့်ထိုးစစ်ကို တရုတ်နိုင်ငံထဲမှာ ရှိတဲ့ Logistic ပေါ့နော် လက်နက်ခဲယမ်း မီးကျောက်တွေ၊ ထောက်ပို့ ကိစ္စ လူစုတဲ့ဟာတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုးကန့်ထိုးစစ်ထဲ ပါတဲ့အဖွဲ့တွေကို အစိုးရဘက်ကလည်း လုံခြုံရေး အဖွဲ့တွေဘက် ကလည်း ယုံကြည်မှု တော်တော်ကြီးကို နည်းသွားတယ် ဆိုတဲ့ ပြသနာ ရှိတာပေါ့နော်။ အဲ့ပြသနာရှိတဲ့အခါမှာ အခု ကျနော်တို့ ကြားတာက တရုတ်နယ်စပ်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို Official ပေါ့နော် ကျနော်တို့ မသိတာက ဘေဂျင်းကလား၊ ယူနန်ကလား မသိဘူးပေါ့နော်။ အဲ့လိုမျိုး တွေ့ပြီးတော့ ဒီ NCA မှာ ကိုးကန့်ပါဝင် လက်မှတ်ရေးထိုးဖို့လိုတယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်ဆိုတာမျိုး ကျနော်တို့ သိရတယ်ပေါ့နော်။ အဲ့တော့ ဒီ UWSA က နောက်ဆုံးထုတ်တဲ့ Statement ထဲမှာလည်း ရေးထားတာက သူတို့အနေနဲ့ တရုတ်အစိုးရကို အနောက်နိုင်ငံတွေ မပါဖို့ဆိုပြီး ပြောထားတယ်။ အခု အနောက်နိုင်ငံတွေ ပါဝင်ပြီး လက်မှတ်ရေးထိုးမယ်လည်း ကြားတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီကတိကို မဖျက်သင့်ဘူးဆိုတဲ့ ပုံစံမျိုး ရေးထားတာရှိတယ်။ အဲ့တော့ အဲ့ဒီ့ Statement မတိုင်ခင်တုန်းမှာ UWSA ကို လာတွေ့သွားတယ်ဆိုပြီး ကျနော်တို့ ကြားတယ်ခင်ဗျ။ အဲ့တော့ အဲ့ဒီ့အချက်ပေါ် မူတည်ပြီး လောလောဆည်မှာ အားလုံးပါဝင်ရေးက အခက်အခဲရှိတယ်ဆိုတာကို ကျနော်က သုံးသပ်ပါတယ်။"

ဦးမင်းဇော်ဦးရဲ့ အခုလို စွပ်စွဲပြောဆိုချက်တွေဟာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက ငြင်းဆိုလိုက်တာကို နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြ ကြပါတယ်။ တရုတ်မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရှိပြီး မြန်မာစစ်တပ်နဲ့ အဲ့ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပဋိပက္ခက အခုချိန်ထိ အဆုံးမသတ်နိုင်သေးပါဘူး။

ဒါကြောင့် တရုတ်အစိုးရရဲ့သဘောထားကို သူတို့အဖွဲ့က အလေးထားပါတယ်လို့ UWSA အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးအောင်မြင့်က ပြောပါတယ်။

"ဥပမာဗျာ ကိုးကန့်မှာဖြစ်တဲ့ကိစ္စ ၊ KIO/KIA နဲ့ ဖြစ်နေတဲ့ကိစ္စ၊ တိုက်ပွဲတွေဖြစ်နေသေး တယ်။ ပစ်တာ ခတ်တာတွေရှိနေသေးတယ်။ ဒီလိုဆိုလို့ရှိရင် တရုတ်-မြန်မာ အစိုးရအချင်းချင်း မှာလည်း ညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့ သဘောထားပါ။ ညှိနှိုင်းရင် ပြေလည်နိုင်တာပေါ့ဗျာ။ သူက တမျိုး စဉ်းစား၊ ကိုယ်က တမျိုး စဉ်းစားဆိုရင် ဒါ ပြေလည်နိုင်ဖို့က ခက်တယ်လေ။"

တရုတ်မြန်မာနယ်စပ် ငြိမ်းချမ်းသွားအောင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခွင့်ရရေးကို တရုတ်အစိုးရက လိုလား နေပေမဲ့ မြန်မာအစိုးရ ကတော့ ကိုးကန့်အဖွဲ့ကို ချန်လှပ်ထားဆဲဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့နဲ့ ပတ်သက်တဲ့ မြန်မာအစိုးရ သဘောထားကို ဦးမင်းဇော်ဦး ပြောတာက -

"ကိုးကန့်နဲ့ပတ်သက်တဲ့သဘောထားက ကိုးကန့်အနေနဲ့ ပြန်လာချင်တယ် ဆိုရင် ပြန်လာလို့ရတယ်။ ကိုးကန့်ခေါင်းဆောင်တွေ အနေနဲ့ပေါ့နော်။ နိုင်ငံရေးဖြစ်စဉ်တွေ မှာ ဝင်ပါလို့ရတယ်။ နောက်ပြီးတော့ လူထုလက်ခံလို့ရှိရင် သူ ခေါင်းဆောင် လုပ်လို့လဲ ရတယ်။ အဲ့ ဒါပေမဲ့ လက်နက်တော့ မယူလာပါနဲ့ဆိုတဲ့ ပေါ်လစီရှိပါတယ်။ လောလောဆယ်မှာ။"

NCA စာချုပ်မှာ အားလုံးမပါနိုင်ပဲ ဖြစ်နေရတာဟာတရုတ်နိုင်ငံက ဝင်ရောက် စွက်ဖက်နေတာကြောင့်လို့ မြန်မာအစိုးရဖက်က ပြောပေမယ့် ဒါဟာ အကြောင်းပြချက်ပေးရုံ သပ်သပ် ဖြစ်တယ်လို့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ယူနန်ပြည်မှာနေထိုင်တဲ့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

"အဓိက မြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုချင်ရင် ဗမာ့တပ်မတော်က သူတို့ရထားတဲ့ နိုင်ငံရေး အခွင့်အာဏာ၊ စီးပွားရေး အခွင့်အာဏာတွေကို ကျန်တဲ့သူတွေနဲ့ အနည်းဆုံး မျှဝေစားသုံးမှ ရမယ်ဆိုတဲ့ စိတ်ကလေး ဝင်မှ ဖြစ်မှာ။ အဲ့တော့ အဓိက က ဒီငြိမ်းချမ်းရေး စာချုပ် မဖြစ်ရတာဟာ ဗမာ့တပ်မတော်ရဲ့ သူတို့ရရှိထားတဲ့ အခွင့်အာဏာတွေကို လျှော့မပေးချင်လို့ပဲ ဒါပေမဲ့ ဒါကို ကာကွယ်ချင်တဲ့အတွက် အဲ့လို ဟိုလူ့ပုံ၊ ဒီလူ့ပုံ ပုံတော့ တခြားသူနဲ့ ပိုပြီးတော့ နီးစပ်တဲ့ တရုတ်ကို အပြစ်တင်ပြီး ပြောတာပါ။ အဲ့တော့ တကယ်လို့ ဗမာ့တပ်မတော်အနေနဲ့ အစောကြီးကတည်းက သဘောထားကြီးကြီးနဲ့ အားလုံးကို ပါဝင်စေချင်တယ်ဆိုရင် သူတို့ လုပ်လို့ရတဲ့အချက်တွေ အများကြီး မလုပ်တာဖြစ်တယ်။ SSA ကို လက်နက်ကြီးနဲ့ပစ်တာတို့ ဘာတို့ညာတို့ အခု လျှောက်လုပ်နေတာပဲ။ အဓိက ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးအခြေအနေဟာ ဗမာ့တပ်မတော်ရဲ့ စိတ်နေစိတ်ထားအပေါ်မှာပဲ မူတည်တယ်။"

လာမယ့် ရက်ပိုင်းအတွင်း NCA စာချုပ် လက်မှတ်ရေးထိုးကြတဲ့အခါ နိုင်ငံတကာ အသိသက်သေအဖြစ် တရုတ်၊ ဂျပန်၊ ထိုင်း၊ ကုလသမဂ္ဂနဲ့ EU ဥရောပသမဂ္ဂ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG