သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အနှောင့်အယှက်ဖြစ်စေနိုင်


တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို နှောင့်နှေးစေနိုင်တယ်လို့ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF က ပြောဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ PSLF ရဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား စနေနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက မေးမြန်းတင်ပြပေးထားပါတယ်။

ဒီဇန်နဝါရီလထဲမှာပဲ ကရင်ပြည်နယ်မှာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ တို့ဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ရှမ်းပြည်မြောက်ပိုင်း နန့်စံမြို့နယ်တွင်း ပန်စရီနဲ့ မြို့သစ်ကြားမှာ ပလောင် (ခေါ်) တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ခမရ ၅၀၃၊ ၅၀၄ ပူးပေါင်း စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ - PSLF ဥက္ကဋ္ဌ ဦးမိုင်အိုက်ပုန်းက ပြောပြပါတယ်။

“ဗမာတပ်မတော်တွေက အဲဒီဘက်မှာ တပ်ရင်းတွေကလည်း တိုးချဲ့တာလည်း များတော့ ကျနော်တို့နဲ့ တဘက်နဲ့တဘက် ထိပ်တိုက်ဖြစ်နေတာပဲ။ သူတို့က လှုပ်ရှားတာလည်း ကျနော်တို့ထိပ်တိုက်ဖြစ်နေတဲ့ နေရာတွေပဲ။ အဓိက-ကတော့ ဒီတိုက်ပွဲတွေကတော့ ရှောင်နိုင်သလောက် ကျနော်တို့ ရှောင်ပါတယ်။ ရှောင်လို့ရရင်လည်း ရှောင်တယ်။ ဒါပေမယ့် ထိပ်တိုက်ဖြစ်နေတဲ့ နေရာတွေကျတော့လည်း စစ်ရေးအရ ကျနော်တို့ ခုခံကာကွယ်ရတာပဲ။”

ဒီတိုက်ပွဲအတွင်း မြန်မာစစ်တပ်ကဘက် လက်နက်ကြီးတွေ အသုံးပြုခဲ့တာတွေ ရှိသလို နှစ်ဘက်ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဦးမိုင်အိုက်ပုန်းက ပြောပါတယ်။ မြန်မာစစ်တပ်ဘက်က ၇ ဦး ကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သလို TNLA ဘက်ကလည်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၄ နှစ်အစမှာတင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာ ဒါဟာ ဒုတိယအကြိမ်ပါ။ နှစ်သစ်ကူးအပြီး ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း နမ့်စံမြို့နယ်တွင်းမှာ TNLA နဲ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ မြန်မာအစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရယူနိုင်ဖို့ ဆွေးနွေးနေတဲ့ UNFC အဖွဲ့ထဲမှာဆိုရင် TNLA နဲ့ KIA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေပါ။

မကြာခင်ရက်ပိုင်းမှာပဲ ကရင်ပြည်နယ်တွင်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ကျင်းပဖို့ ရှိနေချိန်မှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ဦးမိုင်အိုက်ပုန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ပြောလိုက်တာနဲ့ တနေရာပြီးတနေရာ တိုက်ပွဲဖြစ်နေတော့ ဒါကတော့ effect တော့ ရှိမှာပဲ။ တဘက်မှာလည်း ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေလို့ ကျန်တဲ့နေရာ တိုက်ပွဲမဖြစ်ဘူး ဆိုလည်း အဲဒါက တည်ငြိမ်သွားတယ်လို့ ပြောလို့မှ မရတာ။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဟာ အားလုံးဟာ ငြိမ်သက်ဖို့လိုတယ်။ တနေရာဖြစ်နေရင်တော့ ဒီတနေရာကိုပဲ ကျနော်တို့ဟာ ဝိုင်းပြီးတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာလည်း အားလုံးမှာလည်း တာဝန်ရှိတာပေါ့။ တကယ်လို့ အပစ်အခတ်ရပ်စဲရေး ဖားအံမှာ ထပ်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ ဒီလို တိုက်ပွဲဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ယုံကြည်တာကတော့ အနှောင့်အယှက်တော့ ဖြစ်နေမှာပဲခင်ဗျ။”

UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ကရင်ပြည်နယ်မှာ လာမယ့် ၂၀၊ ၂၁၊ ၂၂ ရက်နေ့ ကျရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် တရားဝင် ဆွေးနွေးကြမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG