သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဆွေးနွေးပွဲ ပြန်စတင်


SD ဒု အဖွဲ့ခေါင်းဆောင် ၁ ဒေါက်တာလဂျာ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
SD ဒု အဖွဲ့ခေါင်းဆောင် ၁ ဒေါက်တာလဂျာ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အချောသတ် အစည်းအဝေးကို ဒီကနေ့ စတင်လိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။ အစိုးရကိုယ်စားလှယ်ဘက်ကတော့ ပါဝင်သင့်တဲ့အဖွဲ့တွေ ပါဝင်နိုင်ရေး ညှိနှိုင်းသွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD တို့ဟာ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူကြမ်း အချောသတ် အစည်းအဝေး မနက် ၁၀ နာရီမှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ SD ဒု အဖွဲ့ခေါင်းဆောင် ၁ ဒေါက်တာလဂျာက လက်ရှိဆွေးနွေးပွဲမှာ သူတို့ရဲ့ အဓိက လိုလားချက်ကို အခုလို ထည့်သွင်း ပြောကြားပါတယ်။

“NCA သည် အမှန်တကယ် လိုလိုလားလားနဲ့ ဆွေးနွေးညှိနှိုင်းနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း အားလုံးနဲ့ အစိုးရတပ်မတော်၊ လွှတ်တော်တို့မှလည်း ဘက်နှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ နည်းနာရှာပြီး ဘယ်အဖွဲ့ ဘယ်ဒေသကို ချန်မထားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှိရှိသမျှ အားလုံးဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းသွားကြတော့ အခြေအနေကို ရရှိလာကြသည်။ လက်နက်ကိုင်ပဋိပက္ခရဲ့ အရင်းခံ အကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စိတ်အေးလက်အေးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ယန္တရားတခုလုံးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့အနေနဲ့ သဘောထားစိတ်ရင်းဆန္ဒ ကြီးစွာထားကြကာ NCA မှာ အားလုံး ပါဝင်ရေးကိုလည်း အလေးထား သဘောတူပေးနိုင်ပါရန် အလေးအနက်ထား ပြောကြားလိုပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူကြမ်းကို အချောသတ်နိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့မတ်လက လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်မူကြမ်းအပေါ် လော်ခီးလာညီလာခံက ဆုံးဖြတ်တဲ့ ပြင်ဆင်ချက်တွေ၊ NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့် လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အသိသက်သေတွေနဲ့ NCA လက်မှတ်ရေးထိုးရာမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ဖို့ဆိုတဲ့ အချက်တွေကို ဆွေးနွေးသွားဖို့ ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ရဲ့ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိဆွေးနွေးပွဲမှာ ကျော်ဖြတ်ရမယ့် အဓိက အချက် ၂ ချက်ရှိကြောင်းကို အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုပါတယ်။

“နံပါတစ်အနေနဲ့ UPWC နဲ့ NCCT တို့အကြား အတည်ပြုထားတဲ့ NCA မူကြမ်းပါ အချက်များကိုတော့ လော်ခီးလာအပြီး ပြင်ဆင်ဖို့ဆိုပြီး အဆိုပြုထားတဲ့အချက်တွေ ရှိပါတယ်။ ဒီအချက်တွေကို ပြီးပြတ်အောင် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေအပေါ်မှာ NCCT ပဲဖြစ်ဖြစ်၊ SD ပဲဖြစ်ဖြစ် ကျနော်တို့အစိုးရအနေနဲ့ကတော့ မူတခုတည်းနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီအချက်တွေအပေါ် အစိုးရရဲ့ ရပ်တည်ချက်တွေကို NCCT နဲ့ ဆွေးနွေးခဲ့တဲ့အတိုင်း SD ကိုလည်း ချက်ခြင်း ရှင်းပြသွားမှာ ဖြစ်ပါတယ်။ လော်ခီးလာက ထွက်ပေါ်လာတဲ့ ပြင်ဆင်ရန်ဆိုတဲ့ တချို့အချက်တွေရဲ့ နောက်ကွယ်က တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေကို ကျနော်တို့ နားလည်ပါတယ်။ ဒါတွေကို လျှော့ချစေဖို့ ကျနော်တို့ဘက်က ထပ်မံရှင်းပြဖို့လည်း ဆန္ဒရှိပါတယ်။ တချို့အချက်တွေကလည်း ထိဖို့၊ တို့ဖို့၊ ပြင်ဆင်ဖို့ အခက်အခဲ များစွာရှိပါတယ်။ ဒါပေမဲ့ NCA စာချုပ် စချုပ်ဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်သွားဖို့ ကျနော်တို့ ဆောင်ရွက်သွားနိုင်ပါတယ်။ နံပါတ်နှစ်ကတော့ အားလုံး ပါဝင်ရေးဆိုတဲ့ အဆိုပြုချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ NCCT နဲ့ စပြီး ဆွေးနွေးကတည်းက အစိုးရဘက်က ဘယ်အဖွဲ့တွေနဲ့ ပထမဦးဆုံး လက်မှတ်ရေးထိုးမယ်ဆိုတဲ့ မူဝါဒကို ပြောခဲ့ပါတယ်။ အခုလည်း ဒီအခြေခံမူအပေါ်မှာ ရပ်တည်ပြီး ပါဝင်သင့်တဲ့အဖွဲ့တွေ ပါဝင်သင့်တဲ့နည်းလမ်းကို ဆွေးနွေးညှိနှိုင်းရပါမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို တံခါးပေါက်ဖွင့်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အင်အားစုအားလုံး ပါဝင်လာနိုင်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။”

NCA လက်မှတ်ရေးထိုးရာမှာ ပလောင်၊ ကိုးကန့်နဲ့ ရက္ခိုင်တပ်မတော် AA တို့ပါ ပါဝင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လိုလားပြီး အစိုးရဘက်ကတော့ မူလက စတင်ဆွေးနွေးခဲ့တဲ့ အဖွဲ့ ၁၆ ဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ဦးအောင်မင်းက ဆက်လက်ပြောကြားရမှာ အစိုးရမူဝါဒကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ရေးဖြစ်ပြီး ဒီအတွက်လည်း အချိန်အကန့်အသတ်ရှိနေကြောင်း၊ NCA စာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ သဘောတူညီချက်မရဘူးဆိုရင် နောက်အစိုးရနဲ့ ထပ်မံ ညှိနှိုင်းဖို့ ဖြစ်လာနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပဖို့ ရည်ရွယ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက ၀ နဲ့ မိုင်းလားအဖွဲ့ကတော့ ဖိတ်ကြားထားပေမဲ့ တက်ရောက်တာ မရှိပါဘူး။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့အတွက် တရားဝင် ၇ ကြိမ်နဲ့ အလွတ်သဘော အကြိမ် ၄၀ လောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ လောလော ဆယ် ဆွေးနွေးနေချိန်မှာတော့ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ရှိပါတယ်။

XS
SM
MD
LG