သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် ငြိမ်းချမ်းရေးချီတက်ပွဲ ဒုတိယနေ့


ကချင်ဒေသငြိမ်းချမ်းရေး ရည်ရွယ်ချီတက်ကြသူများ။ (ကိုမင်းဌေး facebook မှ ကူးယူဖော်ပြပါသည်။)
ကချင်ဒေသငြိမ်းချမ်းရေး ရည်ရွယ်ချီတက်ကြသူများ။ (ကိုမင်းဌေး facebook မှ ကူးယူဖော်ပြပါသည်။)
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ်၊ လိုင်ဇာအထိ လမ်းလျှောက် ချီတက်နေကြတဲ့ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒီကနေ့ ပဲခူးမြို့ကို ရောက်နေကြပါပြီ။

ပဲခူးမြို့မှာ အာဏာပိုင်တွေက တားဆီးမှုတွေ ရှိခဲ့ပေမဲ့ အခုတော့ နှစ်ဘက်ကြား ညှိနှိုင်းမှု ပြေလည် သွားပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။ လမ်းလျှောက်လှုပ်ရှားသူတွေအနေနဲ့ အခက်အခဲကြား က လိုရာခရီးရောက်တဲ့အထိ ချီတက်သွားမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်အားစု အားလုံး နဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ထောက်ပြ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သံဃာတော်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ မိုင်ပေါင်း ၈၀၀ ကျော် ကွာဝေးတဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ လမ်းလျှောက်ရာမှာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ပဲခူးမြို့အရောက်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေကနေ ဟန့်တားမှုတွေနဲ့ ကြုံတွေခဲ့ ရတယ်လို့ ချီတက်လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူတို့ကတော့ ကျနော်တို့ကို တားတာပေါ့နော်။ ကျနော်တို့က ခွင့်ပြုမိန့် မတင်တဲ့အတွက်ကြောင့် သူတို့က တားတယ်လို့ ပြောတယ်။ ကျနော်တို့က ဒါကို လမ်းလျှောက်ပြီးတော့ ခရီးသွားတယ် လို့ ပြောတဲ့အခါကျတော့ သူတို့က ဒါက လမ်းလျှောက်ပြီး ခရီးသွားတယ်ဆိုပေမဲ့ စီတန်း လှည့်လည်တာ အဲဒီလို ပြောတယ်ခင်ဗျ။ အဲဒီဟာနဲ့ ကျနော်တို့ကို ခွင့်ပြုမိန့်တင်ဖို့ တားပါတယ်။”

ပဲခူးတိုင်းလုံခြုံရေးအဖွဲ့ကနေ လမ်းလျှောက်ချီတက်ခေါင်းဆောင် (၅) ဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်း၊ ကိုဇော်မင်းနိုင်၊ ကိုရဲထွဋ်အောင်၊ ကိုဇင်ကိုကို ကိုကျော်မင်းကျော်တို့ကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့နှစ်ဘက်ကြား ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရပြီး အခု ပဲခူးမြို့ကနေ ထွက်ခွာလာပြီ ဖြစ်သလို အခက်အခဲကြားကနေ ရှေ့ဆက်တိုးသွားမယ်လို့လည်း ချီတက်လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဆက်ပြောပါတယ်။

“ရန်ကုန်ကနေ ကျနော်တို့ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ကျောပိုးအိတ်တွေမှာ ငြိမ်းချမ်းရေး အလံလေးတွေကို တိုင်လေးတွေ ထူပြီးတော့ စိုက်လာခဲ့တယ်ပေါ့။ အလံတိုင်လေးတွေ လွှင့်လာခဲ့ တာကို ဒီပဲခူး တိုင်းကနေဖြတ်လာတဲ့အခါကျလို့ရှိရင် အလံတိုင် အဲဒီလို လွှင့်မသွားဖို့။ အလံကို ကျနော်တို့ ရင်ဘတ်မှာချိတ်ရင်ချိတ်၊ ကျနော်တို့ ကျောပိုးအိတ်မှာချိတ်ရင်ချိတ်ဆိုပြီးတော့ သူတို့က တောင်းဆိုတယ်ခင်ဗျ။ ကျနော်တို့တော့ သဘောတူညီမှု ယူပေးတယ်ခင်ဗျ။ ဒီအဝင် မှာတော့ ကျနော်တို့ ဖြုတ်ပေးလိုက်မှာပေါ့နော်။ ပဲခူးမြို့ထဲ၊ ဒါမှမဟုတ် ဒီအထွက်လောက် ကျနော်တို့ ဖြုတ်သွားမယ်ခင်ဗျ။ ပဲခူးတိုင်းက ထွက်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ပြီးတော့ ပထမလာခဲ့တဲ့ပုံစံအတိုင်း ပြန်လုပ်မယ်ခင်ဗျ။ ကျနော်တို့ တိုးရသလောက် တိုးသွားမယ် ခင်ဗျ။ နောက်ဆုံး ကျနော်တို့ကို ထိန်းသိမ်းလိုက်တဲ့အခါကျတော့မှ ကျနော်တို့ ဆက်မတိုးနိုင်မှ မတိုးတော့မှာခင်ဗျ။”

ရန်ကုန်မြို့ကနေ ပဲခူးမြို့ခရီးစဉ်မှာ အခက်ခဲတွေရှိနေပေမဲ့လည်း လမ်းတလျှောက် ဒေသ ခံ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ ချီတက် လမ်းလျှောက် အဖွဲ့ ခေါင်းဆောင် ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“အခက်အခဲတော့အများကြီးပါခင်ဗျ။ ကျန်းမာရေးအခြေအနေက လက်ရှိ ကျနော်တို့လူတွေက သိပ်နေမကောင်းကြဘူး။ အာဏာပိုင်တွေရဲ့ တားဆီးတာလည်း ကျနော်တို့ ကြုံတွေ့ရတာပါပဲ။ ဒါပေမဲ့ အားရစရာကောင်းတာတခုက ပြည်သူတွေ ကျနော်တို့ကို လုံး၀ ထောက်ခံချက်ပေးတယ်။ ထမင်းကျွေးတယ်။ အဲဒါတွေကြောင့် ဒီအချိန်အထိ ကျနော်တို့ ခရီးထွက်လာတာပေါ့။”

ဒီလှုပ်ရှားမှုကို ငြိမ်းချမ်းရေးကိုလိုလားပြီး ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့အနေနဲ့ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကနေ ရန်ကုန်မြို့ကနေ ဇန္နာဝါရီ (၂၁) မနက်ပိုင်းမှာ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။

နိုင်ငံတော်အနေနဲ့ လက်ရှိအပြောင်းအလဲကို ဦးတည်နေတဲ့ကာလမှာ ပြည်တွင်းစစ်တွေရပ်စဲဖို့ အတွက် အင်အားစုအားလုံးနဲ့ ဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်လူငယ်အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကိုက ပြောပါတယ်။

“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးသွားဖို့အတွက်ကို တဦးတည်း တစ်ယောက်တည်း၊ တဖွဲ့တည်းနဲ့ သွားပြီးတော့ဆွေးနွေးလိုက်။ ပြီးတော့ ပြန်ပျက်သွားလိုက်ဆိုတာမျိုး မဖြစ်သင့်တော့ဘူး။ ပြီးတော့ ဖြစ်နေတာလည်း ကျနော်တို့ ညီအကိုမောင်နှမတွေဖြစ်နေတာပဲ။ အဲဒီဖြစ်နေတဲ့ ပြဿနာကြီးကိုပဲ ကျနော်တို့က ဟိုဘက်အပြစ်ပုံလိုက်၊ ဒီဘက်အပစ်ပုံလိုက် ဆိုတာ မဖြစ်သင့်ဘူးဗျ။ ဒီအင်အားစု အားလုံးပါဝင်တဲ့ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေးသွားဖို့အတွက်ကို ဒိုင်ယာလော့လမ်းကြောင်းအနေနဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ရင်တော့ ပိုအဆင်ပြေမယ်ဗျ။”

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ ရပ် စဲပြီး နှစ်ဘက်ကြားတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီ တီကနေ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ကမ်းလှမ်းခဲ့တဲ့ အပေါ်မှာ KIO အနေနဲ့ စစ်ရေးအရ ဖိအားပေးနေတဲ့အခြေအနေမှာ တဖွဲ့တည်းမဆွေးနွေးလိုပဲ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အနေနဲ့သာ ဆွေနွေးလိုကြောင် းပြန်ကြားခဲ့ပါတယ်။

အခုလို KIO အနေနဲ့ UNFC နဲ့သာ ဆွေးနွေးလိုကြောင်း တုံ့ပြန်တဲ့အပေါ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တစ်ဖွဲ့ချင်း အရင်မဆွေးနွေးဘဲ တပ်ပေါင်းစုအနေနဲ့သာ ဆွေးနွေးချင်တာဟာ တိုက်ပွဲကို ရပ်တန့်ချင်တဲ့သဘောမဆောင်လို့ စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဌာနက ဒုတိယဝန်ကြီး ဦးရဲထွဋ်ကနေ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ကချင်ဒေသစစ်ပွဲရပ်စဲရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေပေမဲ့လည်း နှစ်ဘက်အပြန်အလှန်စွပ်စွဲချက်တွေရှိနေပြီး လက်ရှိ အခြေအနေ မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အချိန်ယူရဦးမယ့် အခြေအနေ ရှိနေသေးတယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။
XS
SM
MD
LG