သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးပစ်ခတ်မှု အစိုးရသတင်း ဘက်လိုက်ဟု နယ်ခံတွေ ဝေဖန်


ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာတွေမှာ သတင်းအဖြစ်နဲ့ ရေးသားဖော်ပြ ပါတယ်။ ဒါပေမဲ့ ဒီသတင်းမှာဖော်ပြသလို လူငယ်ချင်း ခိုက်ရန်ပွားမှုကနေ သေဆုံးမှုအထိ မတော်တဆ ဖြစ်ပွားတဲ့သဘော မဟုတ်ဘဲ ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက် ရှိရှိနဲ့လုပ်တဲ့ လူသတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတဲ့ ပဲခူးမြို့က ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ် ခလရ (၅၉) ရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်က လူငယ် ၂ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်လို့ ဒါဟာ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကတဆင့် သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင့်လို့ ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ထားတာပါ။

ဒါပေမဲ့ အဲဒီလို ခိုက်ရန်ဖြစ်ပွားပြီး နောက်ပိုင်း တပ်ကိုပြန်၊ တပ်ဖွဲ့ဝင်တွေကိုခေါ်ပြီး ရပ်ကွက်ထဲအထိ သေနတ်နဲ့ လိုက်လံ ပစ်ခတ် တာကြောင့် ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တဲ့ လူသတ်မှုဖြစ်တဲ့အကြောင်း ဒီကိစ္စကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့်က ပြောပါတယ်။

“လူငယ်အချင်းချင်း ရန်ဖြစ်တာတော့ မှန်တယ်။ ဒါက လူ့သဘာဝ ဖြစ်တယ်၊ ဖြစ်သူကလည်း ၁၉ နှစ်နဲ့ ၂၀ ကျော်အရွယ်။ ပစ်သတ်တဲ့ သူကလည်း ၁၈ နှစ်၊ ဒီဘက်ကလည်း ၁၈ နှစ်နဲ့ ၂၂ နှစ် ဆိုတော့ အရပ်စကားအရ ဆိုရင်တော့ လူငယ်လို့ပဲ ယူဆရမယ်။ သို့သော် တကယ် ပစ်တာသည် လူငယ် စစ်သားစစ်ဗိုလ်နဲ့ လူငယ်အရပ်သား ဖြစ်ကြတာ။ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ သတ်မှတ်ထားတဲ့အတိုင်း လက်နက်ကို မသုံးသင့်ဘဲနဲ့ သုံးတယ်။ နောက်ပြီးတော့ ရည်ရွယ်ချက်နဲ့ လာပြန်ပြီးတော့ နောက်တကြိမ် လာပြီးတော့ ပစ်တဲ့အတွက် ဒီလိုဖြစ်တဲ့ ရန်ပွဲက ထိုက်ထိုက်တန်တန် အပြစ်ပေးထိုက်တဲ့ ရန်ပွဲ၊ ဥပဒေအရဆိုရင်တော့ (၃၀၂/က) သေဒဏ် တသက်တကျွန်း ထိုက်တဲ့ အမှု။”

သတင်းစာပါ အချက်တချို့က မှန်ကန်ပေမဲ့ သတင်းစာဟာ အစိုးရပိုင် သတင်းစာဖြစ်တာကြောင့် အစိုးရဖက်က ဘက်လိုက် ရေးသားထားတာကို တွေ့ရတယ်လို့ သူက ထောက်ပြပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိနဲ့ စစ်သည်တွေကို သက်ဆိုင်ရာက တရားပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပေမဲ့ ဘယ်လိုပုံနဲ့ အရေးယူမယ်၊ ဘယ်တော့ အရေးယူမယ် ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

“ဥပဒေလမ်းကြောင်းအရဆိုရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ အမှုကြီး ၇ မှုထဲမှာ ပါတယ်။ လွန်ခဲ့တဲ့ ၃ လပိုင်းက ရက်ရက်စက်စက် သေနတ်နဲ့ ၂ ချက်ပစ်၊ မှိန်းနဲ့ထိုးပြီး ပြွန်နဇာ ကန်ဖဲကျေးရွာက ကလေးကို သတ်တဲ့စစ်သားကို စစ်ခုံရုံးက ဘာလုပ်လိုက်တယ်၊ ဘယ်လို အပြစ်ပေးလိုက်တယ် ဆိုတာ ပြည်သူကို တိတိကျကျ မပြောခဲ့ဘူး။ ဒီအတိုင်းပဲ ပြီးသွားပြီလေ အဲဒီဟာက။ အခုပဲခူးမြို့လယ်ခေါင်မှာ သတ်တဲ့ဟာ။ အခု အပြစ်ပေးပါမယ်ဆိုရင်တော့ အရပ်ဖက် လွှဲသင့်တယ်။ ဒါမှမဟုတ်ရင် ပြည်သူလူထုကိုသိအောင် ဒီရဲဘော်နဲ့အရာရှိကို ထိုက်ထိုက်တန်တန် အပြစ်ပေးတယ်ဆိုတာတော့ ဖွင့်ချလေဗျာ။ ဖွင့်ချရင် ပြည်သူလူထုတွေ အားကိုးလာမှာပေါ့။”

ဒီ ပြန်တမ်းဝင် ၀န်ထမ်းတွေ အခုလို ရမ်းရမ်းကားကား စိတ်လိုက်မာန်ပါ မလုပ်မိအောင် အာဏာပိုင်တွေက အသေအချာ သင်တန်း ပို့ချပေးထားရင် အခုလို ဖြစ်မှာမဟုတ်ဘူးလို့ ဦးအေးမြင့်က ပြောပါတယ်။

“တကယ်လို့ အုပ်ချုပ်တဲ့လူတန်းစားက ဒီဝန်ထမ်းတွေကို သင်တန်းတွေပေးမယ်။ အသိဉာဏ်တွေ ကြွယ်ဝအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို တကယ်လုပ်ခဲ့ပြီး ပို့ချပေးရင် ဒီလိုတွေ ရှိမှာမဟုတ်ဘူး။ သို့သော် စာရွက်ပေါ်မှာပဲထားပြီးတော့ ၀န်ထမ်းကို မြှောက်ပေးတဲ့သဘောမျိုး ထင်ရာစိုင်းတဲ့ အမှုမျိုး ဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း လက်မခံဘူး။ ဥပဒေအရ တိတိကျကျပြောရင် သေဒဏ် တသက်တကျွန်း ထိုက်ရမှာ။ အဲဒီလို ပြန်တမ်းဝန် အရာရှိတယောက် ဆိုတာက ကျနော်တို့ တိုင်းပြည်မှာ တကယ်ကို ဥပဒေအရ စည်းကမ်းအရ သတ်မှတ်ထားတဲ့သူ။ ပိုပြီးတော့ နိုင်ငံတော်ကို လေးစားရမှာဗျ။”

စက်တင်ဘာလ ၄ ရက်နေ့ညက ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းသွယ်မှာရှိတဲ့ ကာလီဖိုးနီးယား စားသောက်ဆိုင်မှာ (ခလရ - ၅၉) က စစ်တပ်အရာရှိတွေနဲ့ အရပ်သား လူငယ်တွေ ခိုက်ရန်ဖြစ်ပွားရာက အရပ်သား လူငယ်တွေကို အဲဒီ (ခလရ - ၅၉) က နောက်ပိုင်းမှာ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ယောက် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG