သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်းနဲ့မွန်ပြည်နယ် ရေဘေးအခြေအနေဆိုး


မဒေါက်မြို့ ရေဘေးရှောင်ဒုက္ခသည်များ။ (MOI)
မဒေါက်မြို့ ရေဘေးရှောင်ဒုက္ခသည်များ။ (MOI)

မြန်မာနိုင်ငံနေရာတချို့မှာ မိုးသည်းထန်စွာရွာပြီး ရေကြီး ရေလွှမ်းမိုးနေတာမှာ အခုနောက်ဆုံး ပဲခူးတိုင်းထဲက မြို့တချို့နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့ဖက်မှာ တော်တော်လေး အခြေအနေဆိုးနေပါတယ်။

ပဲခူးတိုင်းထဲက ပဲခူးမြို့၊ မဒေါက်မြို့၊ ရွှေကျင်မြို့တွေမှာ သောကြာနေ့က စိုးရိမ်ရေ အမှတ် အထက်မှာရှိနေပြီး ရေကြီး ရေလျှံမှုတွေကြောင့် ဒေသခံတော်တော် များများဟာ ဓမ္မာရုံတွေ၊ မိုးလုံလေလုံ အားကစားခန်းမတွေ၊ ဘုန်းကြီးကျောင်း တွေမှာ ဖွင့်ထားတဲ့ ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ရေဘေး ဒုက္ခ ရောက်နေတဲ့ပြည်သူတွေအတွက် အစားအသောက်၊ ကျန်းမာရေးနဲ့ တခြားလိုအပ်ချက်တွေကို အစိုးရက ထောက်ပံ့ ကူညီနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းထဲမှာတင် ရေဘေးဒုက္ခသည် ၁ သောင်းကျော် ရှိနေပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သောကြာနေ့ သတင်းထုတ်ပြန် ချက်အရ နောက် ၂ ရက် လောက်ဆက်ပြီး ပိုအားကောင်းတဲ့ မိုးရွာသွန်းနိုင် တာကြောင့် စိုးရိမ်ရေအမှတ် အထက် ဆက်မြင့်တက် နိုင်တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သဘာဝ ဘေး အန္တရာယ် ကြိုတင် ပြင်ဆင်မှုတွေကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အစိုးရအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးလည်း သောကြာနေ့က ပဲခူးက ရေဘေးအခြေကို သွားကြည့်ပြီး ထောက်ပံ့ကူညီမှုတွေ ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မွန်ပြည်နယ် ဘီလင်းမြို့ဖက်မှာဆိုလည်း လမ်းတွေရေကျော်နေတဲ့အတွက် လမ်း ပန်းဆက်သွယ်ရေးပိုင်း အခက်အခဲ ရှိနေပါတယ်။ ကရင်ပြည်နယ်ထဲက မြို့ တချို့ လည်း ပြီးခဲ့တဲ့သီတင်းပါတ်ကုန်ပိုင်းကစလို့ ရေမြုပ်နေကြပါတယ်။ သံလွင်မြစ်ရေ ကြီးမှုကြောင့် ဘားအံမြို့ရပ်ကွက်တချို့လည်း ရေလွှမ်းနေပါတယ်။ အခုဆိုရင် မော်လမြိုင် ဘားအံလမ်း၊ ရန်ကုန် ဘားအံလမ်းတွေကို ပိတ်ထားရတယ်လို့ ဒေသခံတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG