ကာလီဖိုးနီးယားပြည်နယ်ကိုယ်စားပြု အမျိုးသမီးလွှတ်တော်အမတ် Nancy Pelosi ကို ဒီမိုကရက်အမတ်တွေက အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုကြပေမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော် မျက်နှာစုံညီ စည်းဝေးပွဲမှာတော့ သူဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒီမိုကရက်အမတ်တချို့က ခေါင်းဆောင်မှုအသစ် ဆန္ဒရှိနေကြပေမယ့် အောက်လွှတ်တော်ရေးရာကော်မီတီ တံခါးပိတ် အစည်းအဝေးမှာ သူဟာ အနိုင်ရမှာ သေချာပါတယ်။
အောက်လွှတ်တော် လူမည်းအမတ်များဥက္ကဋ္ဌအဖြစ် နယူးယောက်ပြည်နယ်က အသက် ၄၈ နှစ်အရွယ် Hakeem Jeffries ကို ရွေးချယ်လိုက်ကြ ပြီးတဲ့နောက် အောက်လွှတ်တော်ခေါင်းဆောင် မျိုးဆက်သစ် အယူအဆ ရှေ့တန်း ရောက်လာတာ ဖြစ်ပါတယ်။
Hakeem Jeffries ဟာ ကာလီဖိုးနီးယားပြည်နယ်က ဝါရင့် အမျိုးသမီးလွှတ်တော်အမတ် Barbara Lee ကို ပွတ်ကာ သီကာနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပြီး အောက်လွှတ်တော် ခေါင်းဆောင်မှုကို အပြောင်းအလဲ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။
Nancy Pelosi အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့အတွက် အောက်လွှတ်တော်မှာ အမတ် ၄၃၅ ဦး ရှိတဲ့အနက် ၂၁၈ ဦးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ဒီမိုကရက်ပါတီက ၂၃၃ နေရာ အနိုင်ရထားပေမယ့် အဲဒီအထဲက အမတ်တချို့က မဆုံးဖြတ်ရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။