သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းသမားတွေ အကာအကွယ်မဲ့နေဟု Pen Myanmar စစ်တမ်းထုတ်ပြန်


မြန်မာသတင်းသမားတွေ အကာအကွယ်မဲ့နေဟု Pen Myanmar ထုတ်ပြန် (PEN Myanmar)
မြန်မာသတင်းသမားတွေ အကာအကွယ်မဲ့နေဟု Pen Myanmar ထုတ်ပြန် (PEN Myanmar)

မြန်မာနိုင်ငံတွင်း သတင်းသမားတွေ သတင်းယူရာမှာ ခြိမ်းခြောက်ခံရတာတွေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေရှိနေပြီး၊ ဒီအတွက် သတင်းသမားတွေကို လုံလုံလောက်လောက် အကာအကွယ်ပေး နိုင်မှုမရှိဘူးလို့ Pen Myanmar အဖွဲ့က စစ်တမ်းထုတ် ထောက်ပြထားပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ကို အားပေးတဲ့ ဥပဒေပြင်ဆင်မှုတွေ ဥပဒေသစ်ရေးဆွဲမှုတွေကိုလည်း မလုပ်နိုင်ခဲ့ဘူးလို့ ဝေဖန် ထောက်ပြထားပါတယ်။ Pen Myanmar အဖွဲ့ရဲ့ ဒီ စစ်တမ်းနဲ့ပတ်သက်လို့ ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် မေလကနေ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တနှစ်တာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့်အခြေအနေကို Pen Myanmar အဖွဲ့က သုံးသပ် ဆန်းစစ်ထားတာဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေတွေကို ခေါင်းစဉ်တွေခွဲပြီး၊ ခေါင်းစဉ်တခုချင်းအလိုက် ပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်း ၁၇ ခု ပါဝင် အမှတ်ပေး သုံးသပ်ထားတာပါ။ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့အခြေအနေကိုတော့ သုည အမှတ်နဲ့ လုံး၀ မရှိဘူးဆိုပြီး အမှတ်ပေးထားပါတယ်။ ရခိုင်အကြပ်အတည်းသတင်းရေးသားမှုတွေမှာ သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်မှုတွေရှိခဲ့သလို၊ သတင်းရယူရာမှာ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရတာမျိုး ဖမ်းဆီးခံရတာမျိုးတွေအထိ ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒီ ထုတ်ပြန်လိုက်တဲ့ သုံးသပ်ချက်တွေကို အခြေခံပြီးတော့ သတင်းလွတ်လပ်ခွင့်အတွက် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ Pen Myanmar ဥက္ကဌ ဦးမျိုးမြင့်ငြိမ်းက တိုက်တွန်းပါတယ်။

"ဒီသုံးသပ်ချက်က နောင်ရှေ့အလားအလာများအတွက် အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုလို့ရှိရင် ဒီသုံးသပ် ချက်တွေအပေါ်မှာ အခြေခံပြီးတော့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ့် ကိစ္စတွေ အများကြီးလိုပါတယ်။ ဒီနှစ်ဆိုရင် ကျွန်တော်တို့ သတင်းသမားတွေက ထောင်နှုတ်ခမ်းပေါ်မှာ လမ်းလျှောက်ပြီးတော့ အလုပ်လုပ်နေရတာ အားလုံး အသိပဲဖြစ်ပါတယ်။ အမှုပေါင်းများစွာ ရင်ဆိုင်နေကြရတယ်။ ကိုယ့်ကိုယ်ဆင်ဆာလုပ်နေကြရတယ်။ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိလည်း သတင်းရယူခွင့်ဘယ်လောက်ရှိလည်း အားလုံးသိတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒါတွေအတွက်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ စံနှုန်းကိုတိုင်းဖို့အတွက် ဒီထုတ်ပြန်ချက်တွေကိုတော့ အစိုးရအနေနဲ့ အသိမှတ်ပြုဖို့လိုလိမ့်မယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်လိမ့်မယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်ကိုမြင့်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အဆင့်ကို မြင့်ချင်ပါတယ်။"

မြန်မာသတင်းတွေ သတင်းယူရာမှာ လုံခြုံရေးအကာအကွယ်မဲ့နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက မလှလှဝင်းက

"ဒီတာမွေမှာဖြစ်တဲ့ ကိစ္စပေါ့နော်။ ကျွန်မတို့ PCMJ အနေနဲ့ သတင်းသမားတွေကို ရိုက်ရိုက်လို့ပြောတယ်ပေါ့နော်။ ဆရာတို့ Record လည်းရှိတယ်။ Video မှတ်တမ်းလည်းရှိတယ်။ လူသက်သေတွေလည်းရှိတယ်။ ကျွန်မတို့အနေနဲ့ လူ့အခွင့်ရေး ကော်မရှင်ကို ဒါနဲ့ပတ်သက်ပြီးတော့ တင်တယ်ပေါ့နော်။ သတင်းသမားတွေကို အကာကွယ်ပေးဖို့ ဒီမှာချိန်းခြောက်နေ တယ်။ ကျွန်မတို့ကို ဒီဟာနဲ့ပတ်သက်ပြီးတော့ အကူညီပေးဖို့ အကာကွယ်ပေးဖို့ ပြောတဲ့ စာလည်းတင်ခဲ့တယ် လူကိုယ်တိုင်လည်း သွားပြောတာရှိတယ်။ ဒါပေမယ့်အခုချိန်ထိ ဘယ်လိုမှကို အကြောင်းမပြန်တာပါရှင့် ဒါတောင်မှ ပေါ့ပေါ့ ပါးပါး အကြောင်းပြန်လို့ရတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး ကော်မရှင်ပဲရှိပါသေးတယ်။ အစိုးရအနေနဲ့ကော ဒါနဲ့ ပတ်သက် ပြီးတော့ ဘာတခုမှ အကာကွယ်ပေးတာမျိုးမရှိဘူး။ အရေးယူပေးတာမျိုးမရှိဘူး။ ရှင်းရှင်းပြောရရင် အဖက်တောင် လုပ်ပြီးတော့တောင် စာမပြန်ဘူးပေါ့နော်။ ကျွန်မတို့ တိုင်ကြားမှုတွေကိုပေါ့။ ဒါကတော့ ကျွန်မတို့ ကိုယ်တိုင် မြင်ခဲ့ရတဲ့ လက်တွေ့ပြသာနာတွေပါ။"

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေပြုရေးကိစ္စမှာ သတင်းအချက်အလက်ရယူခွင့်ဆိုင်ရာဥပဒေမျိုး ထွက်မလာသေးတဲ့အပြင်၊ ပြစ်မှုဆိုင်ရာဥပဒေနဲ့ နိုင်ငံတော်လျှိ့ဝှက်ချက်အက်ဥပဒေလို သတင်းလွတ်လပ်ခွင့်ရှိဖို့ ပြင်ဆင်ရမယ့် ဥပဒေတွေကိုလည်း လစ်လျူပြုထားတယ်လို့ Pen Myanmar စစ်တမ်းမှာ ထောက်ပြထားပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုမှာလည်း “ရည်ရွယ်ချက်ရှိရှိထောင်ချောက်ဆင်ဖမ်းခံရတယ် ဥပဒေရပိုင်ခွင့်တွေ ငြင်းပယ်ခံရတယ်” ဆိုတဲ့ စွတ်စွဲချက်တွေအပေါ်မှာ အစိုးရအနေဲ့ လွတ်လပ်တဲ့စုံစမ်းမှုတွေ လုပ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

သတင်းမီဒီယာသမားတွေ မကြာခဏအရေးယူခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မှု ၆၆ လို ပုဒ်မတွေကို ရာဇဝတ်မှုကနေ ပယ်ဖျက်ပြီး၊ နိုင်ငံတကာစံနဲ့ညီတဲ့ အာသရေဖျက်မှုဥပဒေတရပ်နဲ့ အစားထိုးဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG