သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေဟောပြောပွဲ ပိတ်ပင်မှုများ PEN Myanmar ကန့်ကွက်


အရပ်သားအစိုးရလက်ထက် စာပေလွတ်လပ်ခွင့် အတန်အသင့်ရလာတဲ့ အနေအထားမှာ စာပေစိစစ်ရေးနဲ့ ထိန်းချုပ်တားမြစ်မှုတွေ မရှိတော့မဲ့ စာပေဟောပြောပွဲတွေ၊ ဟောပြောသူ စာရေးဆရာတွေကို အဖွဲ့အစည်းတချို့ လူအချို့က အင်အားသုံးပြီး ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်နေတာတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သက်ရာ ရောက်တဲ့အတွက် မပြုလုပ်ကြဖို့ စာပေလွတ်လပ်ခွင့် လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ စံနှုန်းနဲ့အညီ စာပေစာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်ရရှိစေဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ဖို့ အစိုးရအုပ်ချုပ်သူတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေမှာ တာဝန်ရှိတယ်လို့ Pen Myanmar အဖွဲ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန် က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း ခွင့်ပြုချက်ရပြီး စာပေဟောပြောပွဲတချို့မှာ ဟောပြောသူကို ပိတ်ပင်တားဆီးမှုတွေ၊ ဟောပြောပွဲကို ကန့်သတ်တားမြစ်မှုတွေ လုပ်ဆောင်လာတာတွေ ရှိတဲ့အတွက် စာပေဟောပြောပွဲတွေနဲ့ ဟောပြောသူ စာရေးဆရာတွေကို တားမြစ်မှုတွေ မပြုကြဖို့ မြန်မာနိုင်ငံတွင်းက စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့စာပေစာနယ်ဇင်း လွတ်လပ်စွာ ထုတ်ဖော်၊ ရေးသား၊ ပြောဆိုခွင့်တွေကို အစဉ်တစိုက် တောင်းဆိုလှုပ်ရှားဆောင်ရွက်နေတဲ့ Pen Myanmar အဖွဲ့က တောင်းဆိုလိုက်တာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးအနက် တန်ဖိုးထားစေချင်ပါတယ်လို့ Pen Myanmar အဖွဲ့ ဥက္ကဋ္ဌ မသီတာ (စမ်းချောင်း) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“စာပေစိစစ်ရေး မရှိတော့တဲ့အတွက်ကြောင့်မို့ လွတ်လပ်ခွင့်အနေအထား တက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ တဘက်မှာတော့ ထောက်ပြစရာတွေ အများကြီးရှိတယ်ပေါ့နော်။ စာရေးဆရာတွေကို နာမည်တပ်ပြီးတော့ ဘယ်သူကတော့ ဟောပြောခွင့် မပေးနိုင်ဘူး။ ဘယ်သူကိုတော့ မပြောပါစေနဲ့ ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ လုပ်လာတာတွေကို တွေ့ရတယ်။ တဖြေးဖြေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ရမယ်တောင် မကြံသေးဘူး။ ထိပါးခံရပြီလို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ အဲ့လို သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”

အစိုးရခွင့်ပြုချက်နဲ့ စာပေဟောပြောခွင့်၊ လွတ်လပ်ခွင့် ရလာတဲ့ အနေအထားမှာ အခုလိုမျိုး အဖွဲ့အစည်းတချို့ လူတချို့က အင်အားသုံး ပိတ်ပင်တားဆီးမှုတချို့ လုပ်ဆောင်လာတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း အလေးအနက်ထားပြီး နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ် ဆောင်ရွက်သင့်တယ်လို့ မသီတာ (စမ်းချောင်း) က အကြံပြုပါတယ်။

“နိုင်ငံတွင်းမှာရှိတဲ့ ဘယ်သူတဦးတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ဘယ်သူ တဦးတယောက်ကမှ ထိပါးနှောင့်ယှက်ပိုင်ခွင့် မရှိဘူးဆိုတာကို အစိုးရကိုယ်တိုင်က တိတိလင်းလင်းပေါ့နော် သူက ကာကွယ်ပြီးတော့ ထုတ်ဖော်စေချင်တယ်။ သူကိုယ်တိုင်ကိုက တက်တက်ကြွကြွနဲ့ ဒီကိစ္စတွေမှာ တာဝန်ယူပြီးတော့ ဖြေရှင်းပေးစေချင်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ငါတို့လုပ်တာမဟုတ်ဘူး။ အထူးသဖြင့်တော့ အုပ်ချုပ်ရေးမှူးတွေက ပြောလေ့ရှိတယ်ပေါ့။ ဟာ စာပေဟောပြောပွဲ ခွင့်ပြုချက်ကို ကျနော်တို့က ချပေးတာပဲ။ ဒီလူတွေက လာလုပ်သွားတာပဲဆိုတဲ့ ဆင်ခြေမျိုးပေါ့နော် ဒါ ထမင်းရည်ပူ လျှာလွှဲပြောလိုက်တဲ့ဟာတွေဟာ နောက်ဆုံးတော့ နိုင်ငံရဲ့ ပုံရိပ်ကိုပဲ ပြန်ထိမယ်ဆိုတာကိုတော့ သိစေချင်ပါတယ်။”

လွတ်လပ်စွာ ဟောပြောခွင့် ဆိုတဲ့နေရာမှာလည်း ဝါဒဖြန့်ချီမှုတွေမှာ တပါးသူကို ထိခိုက်နစ်နာစေမယ့် အယူဝါဒမှိုင်းတိုက် လုပ်ဆောင်နေမှုတွေကိုလည်း သတိနဲ့ယှဉ်-ရှောင်ကျဉ်ကြသင့်တယ်လို့လည်း Pen Myanmar အဖွဲ့က သုံးသပ်ပါတယ်။ နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖော်ပြခွင့်တွေကို ဒီမိုကရေစီ စံနှုန်းနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရဖို့ အစိုးရတာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ စာပေစာနယ်ဇင်းသမားတွေနဲ့ ပြည်သူတွေမှာ တာဝန်ရှိတယ်လို့လည်း မသီတာ (စမ်းချောင်း) က သုံးသပ်ပါတယ်။

“ကျမတို့ သတိထားရမယ့် နောက်တချက်က ဝါဒဖြန့်ချီရေးကိစ္စပါပဲ။ ဝါဒဖြန့်ချီရေးကိစ္စကို အစိုးရမီဒီယာတွေ ကိုယ်တိုင်က တသက်လုံးလုပ်လာသလို အခုအချိန်မှာ ဘာသာရေးဆိုင်ရာ ဟောပြောပွဲတချို့မှာဆိုရင် ဘုရားဟောမဟုတ်တဲ့ စကားတွေ၊ တရားတွေကို ဟောပြောနေတဲ့ဟာတွေက လျစ်လျူရှုခံရပြီးတော့ စာပေဟောပြောပွဲတွေမှာကျတော့ ဒီလူက ဘာကြောင့်မို့လို့ ညာကြောင့်မို့လို့ ဆိုတာမျိုး လုပ်တယ်ဆိုတာက ခုနကပြောတဲ့ ဝါဒဖြန့်ချီရေးလက်နက်ကို အစိုးရပုံရိပ်နဲ့ မသုံးဘဲနဲ့ ကျန်တဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းပုံရိပ်နဲ့ သုံးပြီးတော့ တင်သွင်းလာတာနဲ့ပဲ ထပ်တူကျနေတယ်လို့ ကျမတော့ မြင်ပါတယ်။ ဝါဒဖြန့်ချီရေးဆိုတာမှာလည်း အစိုးရကပဲ လုပ်တယ်လို့ မယူဆစေချင်ပါဘူး။ တစုတဖွဲ့ကလည်း ကိုယ့်အသံပဲ လွှမ်းစေချင်ပြီးတော့ သူများအသံတွေ မပြောနိုင်အောင်လုပ်တာဟာ ဝါဒဖြန့်ချီဖို့ ကြိုးစားပဲဆိုတာကို အားလုံးက ဝိုင်းပြီးတော့ မြင်စေချင်ပါတယ်။”

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်တဲ့ စာပေယဉ်ကျေးမှု ရပ်ဝန်းတခု ပေါ်ထွန်းလာရေးနဲ့ ကျောင်းပညာရေးနဲ့ ရသစာပေကို ပေါင်းကူး ဆက်စပ်မြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာပေမြတ်နိုးသူတွေက Pen Myanmar အဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြန်မာစာပေလောကကို နိုင်ငံရေးအရဖြစ်စေ၊ အုပ်ချုပ်ရေးမဏ္ဍိုင် ထိန်းချုပ်မှုအရဖြစ်စေ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို တနည်းနည်းနဲ့ ထိပါးလာမယ်ဆိုရင် ဆန့်ကျင်ကန့်ကွက်ကြဖို့နဲ့ ဟောပြောသူ စာပေရေးသားသူတွေကို ကာကွယ်စောင့်ရှောက်ဖို့နောက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး လူတန်းစားရေး၊ အမျိုးသားရေးဆိုင်ရာ မုန်းတီးမှုတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ အမှားတွေဖော်ပြတာ၊ အချက်အလက်မှားတွေ ဖြန့်ဝေတာ အပါအဝင် လူ့အဖွဲ့အစည်း ယဉ်ကျေးမှု စံတန်ဖိုးများကို ထိပါးစေမယ့် ရေးသားမှု၊ ပြောဆိုဟောပြောမှုတွေကိုလည်း ဆန့်ကျင်ရှုတ်ချတယ်လို့ Pen Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG