သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသန္တိသုခကျောင်းတိုက် ညဉ့်သန်းခေါင်ဝင်စီးပြီး ချိတ်ပိတ်ခံရ


ပီနန်ကျောင်းတိုက်ကို အာဏာပိုင်တွေ လာရောက်ချိတ်ပိတ်နေစဉ်။ (ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
ပီနန်ကျောင်းတိုက်ကို အာဏာပိုင်တွေ လာရောက်ချိတ်ပိတ်နေစဉ်။ (ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ကြီးကို မနေ့က ညပိုင်းအချိန်မှာ ရဲအင်အားနဲ့ ဝိုင်းပြီး အာဏာပိုင်တွေက ချိတ်ပိတ်လိုက်ပါတယ်။ ကျောင်းတိုက်တွင်းမှာရှိတဲ့ သံဃာတော်တွေကို ကမ္ဘာအေး နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရုံးကို ခေါ်ဆောင်သွားပြီး၊ အဲဒီမှာ မဟန ဆရာတော်ကြီးတွေ သြဝါဒခံယူဖို့ဆိုပြီး မနက်လင်းပိုင်းအထိ စောင့်ခိုင်းထားပါတယ်။ အကြောင်းစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

နိုင်ငံတော် သံဃမဟာနာယကအမိန့်နဲ့ မဟာသန္တိသုခ ကျောင်းအတွင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖယ်ရှားပြီး၊ ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ညအချိန်ကြီးမှာ ကျောင်းကို ရဲနဲ့ဝိုင်းပြီး၊ မဟနအဖွဲ့ဝင်တွေက ကျောင်းကို သိမ်းယူ ချိတ်ပိတ်လိုက်တာကြောင့် အနီးအနား ရပ်ကွက်တွေမှာ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားခဲ့ပါတယ်။

ဒီကျောင်းကို မူလက သာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသ က သူပိုင်ဆိုင်တယ်လို့ဆိုပြီး၊ နောက်ပိုင်းမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ကျောင်းကို စီမံအုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပရောက်နေတဲ့ ဆရာတော် ဦးပညာဝံသ ပြန်လာပြီး ဒီကျောင်းကို ပြန်လည် အုပ်ချုပ်စီမံရာကနေ၊ မဟနအဖွဲ့နဲ့ ပီနန်ဆရာတော်တို့အကြားမှာ ကျောင်းပိုင်ဆိုင်မှု အငြင်းပွားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညပိုင်းက ကျောင်းတိုက်ကို ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး မဟနရုံးကို ခေါ်သွားခဲ့ပါတယ်။ မြန်မာစံတော်ချိန် အခု အင်္ဂါနေ့ သန်းခေါင်ကျော် နှစ်နာရီခန့်မှာ ကမ္ဘာအေး မဟနအဖွဲ့ရုံးကို ပင့်ဆောင်ခံထားရတဲ့ အဲဒီထဲက သံဃာတပါးဖြစ်သူ အရှင်ဥတ္တရကို ဖုံးနဲ့ဆက်သွယ်မေးမြန်းတော့ အဖြစ်အပျက်ကို အခုလို ရှင်းပြပါတယ်။

“ဟုတ်တယ် မဟာသန္တိသုခကနေပြီးတော့ ဘုန်းကြီးတို့အကုန်လုံး ပစ္စည်းတွေ သယ်ပြီးတော့ ဒီကျောင်းကနေ နှင်ထုတ်တာပေါ့လေ။ နှင်ထုတ်ပြီးတော့ ဒီကျောင်းကို ချိတ်ပိတ်တာပေါ့။ ဒီကိုလာတာကတော့ တိုင်းသံဃာ့မဟာနာယကနဲ့ တိုင်းသာသနာရေးမှူးရဲ့အမိန့်တွေနဲ့ လာတာပေါ့။ ရန်ကုန်မြို့ ကြီးကြပ်ရေးအမိန့်တွေနဲ့ လာတယ်ဆိုပြီးတော့ ဦးဇင်းတို့ လိုအပ်တဲ့ပစ္စည်းတွေယူပေါ့။ ဘုန်းကြီးတို့လည်း ကိုယ့်ပစ္စည်းတွေကိုယ်ယူပြီး ဆင်းလာခဲ့ရတာပေါ့။ ပြီးတော့ သူတို့ ချိတ်ပိတ်တာပေါ့။ ချိတ်ပိတ်ပြီးလို့ရှိရင် သူတို့ တရားရင်ဆိုင်ပေါ့။ တရားရင်ဆိုင်လို့နိုင်တဲ့ပုဂ္ဂိုလ်ကို ပေးမယ်လို့တော့ သူတို့ အဲ့လို ဖတ်ပြတာပေါ့လေ။ အခုကတော့ ဘုန်းကြီးတို့ နိုင်ငံတော် သံဃာ့မဟာနာယက ရုံးကို ရောက်နေတယ်။ ကမ္ဘာအေးကိုရောက်နေတယ်။ အဲ့ဒီမှာ ဆရာတော်တွေရဲ့ သြဝါဒခံယူဖို့အတွက် ဘုန်းကြီးတို့ အဲ့ဒီမှာရောက်နေတယ်။ သြဝါဒတော့ မနာရသေးဘူးပေါ့နော်။”

မေး။ ။ အရှင်ဘုရားတို့ကို ခေါ်လာတယ်ဆိုတာ ဘယ်လိုခေါ်လာတာလဲ။ အတင်းခေါ်လာတာလား။
ဖြေ။ ။ အင်း အတင်းခေါ်လာတယ်လို့ပဲ ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတော် သံဃာ့မဟာနာယက ရုံးကိုသွားမယ်။ ဒီကိုပဲခေါ်ခဲ့ပါဆိုလို့ ဒီကိုပဲ လာတာပေါ့။ ဘုန်းဘုန်းတို့ကတော့ လိုက်စရာမလိုဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတော် သံဃာ့မဟာနာယက ညွှန်ကြားစာကိုလည်း နားထောင်ပြီးသားဖြစ်တယ်။ ထွက်ပေးလိုက်မယ်။ ကိုယ့်ကျောင်းကိုယ်ပြန်မယ်ဆိုတာ မရဘူး ဒီအထိလိုက်ရမယ်ဆိုတာနဲ့ ဒီအထိ ပါလာတာပါ။

မေး။ ။ အဲ့ဒီတော့ ကျောင်းကိုဝိုင်းတဲ့အချိန်မှာ ရပ်ကွက်ထဲမှာလည်း တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်တယ်လို့ ကြားပါတယ်ခင်ဗျ။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါကတော့ မှန်ပါတယ်။

မေး။ ။ ညဘက်ကြီးကျမှ ဘာလို့လုပ်တာလဲဘုရား။ နေ့ခင်း လင်းလင်းထင်းထင်းကျမှ လုပ်လို့ရတာပဲ။ ဘာပြောလဲဘုရာ့။
ဖြေ။ ။ တရားမမျှတမှုရဲ့နောက်မှာ ဒီလိုတွေပဲ လုပ်တဲ့ သဘာဝရှိတယ်လေ။ အဲ့ဒါ တရားဥပဒေမစိုးမိုးတာတို့။ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်နဲ့ နိုင်ငံသားတိုင်းရဲ့ ခုခံပိုင်ခွင့်ကို မပေးတာလို့ပဲ ပြောရမှာပေါ့ ဟုတ်တယ်မို့လား။

မေး။ ။ ဒီကျောင်းတိုက်ကို ချိတ်ပိတ်လိုက်တာက တရားရုံးအမိန့်နဲ့လား၊ မဟနအမိန့်နဲ့လား၊ ဘယ်သူ့အမိန့်နဲ့ ချိတ်ပိတ်လိုက်တာလဲ။
ဖြေ။ ။ မဟနအမိန့်နဲ့ပါ။

မေး။ ။ တရားရုံးအမိန့် မပါဘူးပေါ့။
ဖြေ။ ။ မပါပါဘူး။ ဟုတ်ပါတယ်။

အခုအဖြစ်အပျက် ဖြစ်ချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသ ကတော့ သာသနာပြု ခရီးစဉ်တခုနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဆရာတော်ကတော့ ဒီကျောင်းနဲ့ ပတ်သက်လို့ သူ့မှာပိုင်ဆိုင်မှု ဂရမ်လည်းရှိပြီးတော့ သူ့ကို ပုဂ္ဂလိက အလှူရှင်တဦးက လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ မိန့်ပါတယ်။

“နောက် ဘုန်းကြီးလည်း အပြင်ထွက်လာတဲ့အခါကျတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကနေပြီးတော့ သံဃာ့နာယကကို ခဏတဖြုတ် အပ်လိုက်တယ်ပေါ့လေ။ အဲ့ဒါက ၂၀၀၂ ခုနှစ်မှာ ခုနက အပ်လိုက်တယ်ဆိုပြီးတော့ သူတို့က ဘုန်းကြီးဆီကို အကြောင်းကြားတယ်။ ဘုန်းကြီးကလည်း မသွားဘူးပေါ့။ ဘုန်းကြီးကလည်း အပြင်မှာ နိုင်ငံတကာမှာ ကျောင်းတွေ ဆောက်နေတဲ့အခါကျတော့ ဘုန်းကြီးက မအားတာနဲ့မသွားဘူး။ အဲကျတော့ နောက်ကျတော့ ၂၀၀၄ ခုနှစ်ကျတော့ ဦးခင်ညွန့်က ဘုန်းကြီးဆီ စာရေးပါတယ်။ အရှင်ဘုရားတဲ့ ဒီကျောင်းဟာ အရှင်ဘုရားမရှိလို့ အုပ်ချုပ်ရေး အဆင်မပြေလို့ သံဃာ့နယကကို ခဏတဖြုတ် အပ်ထားတာပါတဲ့။ ပြီးတော့ အစိုးရအနေနဲ့လည်း သိမ်းတာမဟုတ်ပါဘူးတဲ့။ အစိုးရက သိမ်းတာမဟုတ်ပါဘူး။ အရှင်ဘုရားပြန်လာရင် ရှိတဲ့အတိုင်းပါပဲလို့ သူက အဲ့လိုပြောတယ်ပေါ့လေ။”

ပီနန်ဆရာတော် မြန်မာနိုင်ငံကို ပြန်ရောက်လာခိုက် ကျောင်းမှာတည်းခိုချိန် မဟနက ကျောင်းက ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့တာကြောင့် ဒီနှစ်ဆန်းပိုင်းမှာပဲ ကျောင်းပိုင်ဆိုင်မှု ပြဿနာ ဖြစ်ခဲ့တာပါ။ မဟနအဖွဲ့ကြီးရဲ့ မတ်လအတွင်း ကျင်းပတဲ့ စုံညီ အစည်းအဝေးမှာတော့ ဒီမြေကို နိုင်ငံတော် အကြီးအကဲတွေက ရေစက်ချ လှူဒါန်းခဲ့ပြီး ဖြစ်တာမို့၊ ပီနန်ဆရာတော်ကို ပြန်လည် လွဲှပြောင်းပေးဖို့ မလိုကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။

ပီနန်ဆရာတော်ဟာဆိုရင် ကမ္ဘာအန့ှံ သာသနာပြု လုပ်ငန်းတွေကြောင့် အထူးကျော်ကြားခဲ့သလို၊ မြန်မာနိုင်ငံတွင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး နိုင်ငံတကာက ဗုဒ္ဒဘာသာ မြန်မာသံဃာတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ဦးဆောင်မှုပေးခဲ့သူ ဖြစ်ပါတယ်။
XS
SM
MD
LG