သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသန္တိသုခ အရေး ပီနန်ဆရာတော် ဥပဒေအတိုင်း ရင်ဆိုင်မည်


မဟာသန္တိသုခ ကျောင်းတိုက်။
မဟာသန္တိသုခ ကျောင်းတိုက်။

မဟာသန္တိသုခကျောင်းတော် အငြင်းပွားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ သံဃာတော် ငါးပါးအနေနဲ့ တရားဥပဒေ အတိုင်း ဆက်လက်ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ပီနန်ဆရာတော် ဦးပညာဝံသက ဗွီအိုအေကို မိန့်ကြားပါတယ်။ သံဃာတော်တွေဘက်က ခံဝန် လက်မှတ်ထိုးရင် ဆက်ပြီး အရေးယူမှာ မဟုတ်ဘူးလို့ သာသနာရေး ဝန်ကြီးဌာနဘက်က ကမ်းလှမ်းပြောဆိုခဲ့တဲ့ အပေါ်မှာ အခုလို ငြင်းဆို တုန့်ပြန်လိုက်တာပါ။ ဇူလိုင်လ (၁၈) ရက်နေ့ မှာတော့ တာမွေမြို့နယ် တရားရုံးမှာ အမှုကိုဆက်လက်စစ်ဆေးဖို့ ရုံးချိန်းခေါ်ယူ ထားတယ်လို့လည်း သိရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးကို သံဃာ့မဟာနယကအဖွဲ့ရဲ့ တိုင်ကြားချက်နဲ့ သာသနာရေး ဝန်ကြီးဌာနကနေ သာသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က) အပါအဝင် သံဃာ့ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ထားတာပါ။ မဟာ သန္တိသုခကျောင်း ပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကို နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းလျှောက် ထားကြည့်တော့-

"သူတို့ဘက်က ပြောပါတယ်တဲ့။ ဘာပြောသလဲ ဆိုရင် ဘုန်းကြီး ကြားရတာပေါ့လေ။ အရှင်ဘုရားတို့က မှားပါတယ်ပေါ့လေ။ ဒီကိစ္စကို မေတ္တာရပ်ခံ ဆိုလို့ရှိရင်တော့ တပည့်တော်တို့က ဆက်ပြီးတော့ အရေးမယူပါဘူးလို့ သူတို့က ပြောတယ်တဲ့။ သာသနာရေးဌာန ဘက်ကပေါ့လေ။ အဲ့တော့ ဘုန်းကြီးတို့ ဒီဘက်က ပြောတယ်။ ကျုပ်တို့မှာ မှားတာ ဘာမှ မရှိဘူး။ တရားရေးဥပဒေအတိုင်းပဲ လုပ်သွားမယ်။ ကျုပ်တို့ မေတ္တာရပ်ခံရအောင် ဘာဖြစ်လို့ ဘာအပြစ်မရှိပဲ အပြစ်ရှိတယ်လို့ ဘာလို့ပြောရမှာလဲ။ မရေးနိုင်ဘူးလို့ သူတို့က ပြောတယ်။ တရားဥပဒေအတိုင်းပဲ လျှောက်လဲ ဆောင်ရွက်သွားမယ်။"

မေး။ ။ တင်ပါ့ဘုရား။ ဒီကြားထဲမှာပဲ သတင်းတွေက ထွက်နေပါတယ်။ အဲ့လို မဟာသန္တိသုခကျောင်းတိုက်ကို သူတို့ဝင်ပြီးတော့ စီးတဲ့အချိန်မှာ အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ငွေတွေ မိတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်ဘုရား။

" အဲ့တာတော့ သပ်သပ် သွားပုတ်လေလွှင့်ပြောတာ။ တစ်ပြားမှ မရှိပါဘူး။ အဲ့တာတော့ သပ်သပ်ပြောတဲ့စကားတွေ။ သူတို့က တော့ တခုရှိတာပေါ့။ ဒီ့ပြင်ပြောစရာမရှိတော့ ခင်ဗျားက အမေရိကန်ဒေါ်လာတွေ ကြားတယ်။ ဘုန်းကြီးကြားတာက လက်နက်တွေလည်း အများကြီးရှိတယ်လို့ အဲ့လိုကြားတယ်လို့ အဲ့တာကြောင့် အခုလို သူတို့ တက်ပြီးတော့ဖမ်းတယ်လို့ အဲ့လိုပေါ့လေ။ ဒါတွေကတော့ သွားပုတ်လေလွင့်တွေ လျှောက်ပြီးတော့ အရေမရ၊ အဖတ်မရ အကြောင်းတွေ ပြောနေတာပေါ့။ အဲ့တော့ အမေရိကန်ဒေါ်လာတွေ သန်းချီပြီးရတယ် ဆိုတော့ ဘယ်မှာလဲ ပါးစပ်နဲ့ ပြောလို့တော့ မဖြစ်ဘူးလေ။ သက်သေသက္ကာယနဲ့ပြောရင်တော့ ပိုကောင်းမှာပေါ့။"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မူဆလင်တွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမား မေတ္တာ ရပ်ခံခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာသာသနာပြုနေတဲ့ ပီနန်ဆရာတော်ရဲ့ သဘောထား ကို တဆက်တည်း မေးမြန်းလျှောက်ထားခဲ့ပါတယ်။

" အဲ့တာ ဘုန်းကြီးရဲ့ သဘောထား သေချာ ပြောမယ်ဆိုလို့ရှိရင် ဒလိုင်လာမား ဆရာတော်ကလည်း သူ သေသေချာချာ စစ်စစ်ဆေးဆေး စီစီစစ်စစ် နားမထောင်ဘူးလို ဘုန်းကြီးကထင်တယ်။ ဘာဖြစ်လို့ နားမထောင်ဘူးလို့ ထင်သလဲဆိုရင် ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စ၊ ဟို သီရိလင်္ကာမှာဖြစ်နေတဲ့ ကိစ္စတွေဟာ အမှန်တော့ ဘာသာရေးကိစ္စမဟုတ်ဘူး။

ဘာသာရေးကြောင့်ဖြဖစ်တယ်လို့ဆိုရင် အကယ်လို့ သူတို့ကိုးကွယ်တဲ့ဘာသာကို ဘုန်းကြီးက ဘာလုပ်တယ်။ အဲ့ မူဆလင်ကလည်း ဘုန်းကြီးတို့ ကိုးကွယ်တဲ့ ဘာသာကို ဘာလုပ်တယ်။ သူတို့မှာ အဲ့မှာ ရှိတာမှ မဟုတ်ဘဲကို။ ဥပမာ တခုပြောမယ်ဆိုလို့ရှိရင် ရခိုင်မှာဖြစ်သွားတဲ့ကိစ္စက မူဆလင်တစ်ယောက်က ဗမာအမျိုးသမီးကို မတော်မတရားလုပ်တဲ့အတွက် အစိုးရက အရေးမယူဘဲနဲ့ သူ့ဘာသာကျယ်ပြန့်သွားပြီး ဖြစ်တဲ့အလုပ်ကို ဒါမူဆလင်နဲ့ ဗမာနဲ့ ဗုဒ္ဓဘာသာနဲ့ အဓိကရုဏ်းဖြစ်တယ်လို့သွားပြောတာကိုး။

အဲ့တာ တစ်ယောက်ကနေ သွားပြီးတော့ ဆွပေးလိုက်တဲ့အခါကျတော့ အများကြီးဖြစ်လာပြီးတော့ ခုနက ဘာသာရေးအဓိကရုဏ်းလို့ပြောတာ။"

မေး။ ။ တင့်ပါ့ဘုရား အဲ့လို နိုင်ငံတကာကနေ အထင်မှား၊ အမြင်မှားဖြစ်လာတဲ့ အနေအထား ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ရော ဗုဒ္ဓဘာသာ ဂုဏ်ပေါ့နော်။ မထိခိုက်ရအောင် ဘယ်လိုမျိုးဆောင်ရွက်သင့်ပါလဲဘုရား။

"အစိုးရကိုယ်တိုင်က ဘာသာရေး အခြေခံပြီး အဓိက မဲကို အဓိကထားပြီး လုပ်နေတဲ့အတွက် အဲ့တာတွေက ပြဿနာ ဖြစ်တယ်လို့ ဘုန်းကြီးက မြင်ရတယ်။ အကယ်လို့ ဘာသာရေး အဓိကရုဏ်းပြဿနာ မဖြစ်ချင်လို့ရှိရင် အခြေခံဥပဒေအရ ဘယ်သူကပဲ ကျူးလွန်၊ ကျူးလွန် အဲ့တာတွေ လုပ်သွားမယ်ဆိုလို့ရှိရင် ဒီဘာသာရေး အဓိကရုဏ်းက ဖြစ်နိုင်ဖို့မရှိဘူးလို့ ဘုန်းကြီး သဘောပေါက်တယ်။

ဒီသာသနာ့အဖွဲ့ကလည်း ဘာသာရေးအဖွဲ့ကလည်း အစိုးရကို အစိုးရသည် သူ့ဘာသာသူ တိုင်းပြည် တိုးတက်အောင် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း လုပ်ပါစေလို့ ဘုန်းကြီးတို့ကလည်း မေတ္တာထားရမယ် ဘာသာရေး ဆရာတွေကလည်း။ အစိုးရကလည်း ဘာသာရေးဆရာတွေ အပေါ်မှာ ဘာသာရေး ဆိုတာ သူယုံကြည်လို့ ကိုးကွယ်တာ ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့။ ယုံကြည်လို့ ကိုးကွယ်တာ ကိုးကွယ်ရာ ဘာသာပဲ သူတို့က မကောင်းတာ လုပ်မှာမဟုတ်ဘူး ဆိုတဲ့ စိတ်ထား၊ သဘောထား၊ မြင်ဖို့လိုတယ်လို့ ။ အဲ့ဒီ့နှစ်ခု က မမြင်ရင်လည်း အစိုးရနဲ့ ဘာသာရေးသမားနဲ့လည်း ဘုန်းကြီးပြောတာပါ။ "

ပီနန်ဆရာတော် ဦးပညာဝံသဟာ နယူးရောက်ပြည်နယ် Long Island မှာရှိတဲ့ ပီနန်ကျောင်းမှာ ဝါဆိုဖို့ အမေရိကန်ပြည်ထောင်စုကို ကြွရောက်ခဲ့တာဖြစ်ပါတယ်

XS
SM
MD
LG