တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ အမေရိကန် ဒုသမ္မတ ဒီသီတင်းပတ်ထဲ တွေ့နိုင်ချေကို Donald Trump အစိုးရဖက်က လမ်းဖွင့်ထားပါတယ်။
အမေရိကန် ဒုသမ္မတ Mike Pence က ခုလို ဆွေးနွေးပွဲလုပ်ဖို့ သူ့ဘက်ကတော့ မတောင်းဆိုရသေးဘူး။ ဒါပေမဲ့ အခြေအနေကို လမ်းဖွင့်ထားပြီး စောင့်ကြည့်သွားမယ်လို့ Alaska မှာ ဒီနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒုသမ္မတ Pence အနေနဲ့ မြောက်ကိုရီယားအရာရှိတွေနဲ့ ဒီအိုလံပစ်ပွဲမှာတွေ့နိုင် လားလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ဒီ့မတိုင်ခင် ပီရူးနိုင်ငံခရီးစဉ်ထဲမှာ သတင်းထောက်တွေကမေးရာမှာဝန်ကြီး Tillerson ကလဲ ဒုသမ္မတ Pence အခုပြောသလိုမျိုးပဲ ပြန်ဖြေခဲ့ပါတယ်။
ဒုသမ္မတ Pence ကလည်း ဂျပန်နိုင်ငံကို မထွက်ခင် သတင်းထောက်တွေနဲ့တွေ့ရာမှာ မြောက်ကိုရီးယားဖက်က ဘယ်သူကိုမဆို ဘယ်လိုပုံနဲ့ပဲတွေ့ရတွေ့ရ သူပြောမှက ဒီစကားပဲ၊ အဲ့ဒါက မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပဲ့ထိန်းဒုံးကျည် ရည်မှန်းချက်ကြီးကို လုံးဝ တခါထဲအပြီး စွန့်လွှတ်ရမယ် ဆိုတာပါပဲ လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဒုသမ္မတ Pence ကဆက်ပြီးသမ္မတ Trump အနေနဲ့လဲ ခုလို တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အဖြေရှာတာမျိုးကို အမြဲတမ်းယုံကြည်ကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။