သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ် တရုတ်နှောင့်ယှက်မှု အန္တရာယ်ရှိ


Chinese J-11 fighter jet -တရုတ် ဖိုက်တာ ဂျက်လေယာဉ်။
Chinese J-11 fighter jet -တရုတ် ဖိုက်တာ ဂျက်လေယာဉ်။

အင်္ဂါနေ့က တောင်တရုတ်ပင်လယ်ပြင်ပေါ်က နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပျံသန်းနေတဲ့ အမေရိကန် စစ်လေယာဉ်တွေကို တရုတ် ဂျက်လေယာဉ်တွေက ဟန့်တားနှောင့်ယှက်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ၊ တရုတ် ဂျက်လေယာဉ်တွေဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေ က ပြောလိုက်ပါတယ်။

တရုတ် အာဏာပိုင်တွေဟာ တွက်ချက်မှုလွဲချော်ပြီး၊ လူတွေအပေါ် တကယ့် အန္တရာယ်တွေ ကျရောက်နိုင်တဲ့ ဖြစ်နိုင်ခြေကို လျော့ချနိုင်ဖို့ အတွက် ဘာမှ မလုပ်ကြဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အင်္ဂါနေ့က တောင်တရုတ် ပင်လယ်ပြင်အပေါ် နိုင်ငံတကာ လေပိုင်နက်ပေါ်မှာ ကင်းလှည့် ပျံသန်းနေတဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ် တစ်စီးကို တရုတ် ဖိုက်တာ ဂျက်လေယာဉ် နှစ်စီးက ကြားဝင် ဟန့်တားနှောင့်ယှက်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ကနေ ပြောဆိုအပြီးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ အဲဒီဖြစ်ရပ်နဲ့ ပက်သက်လို့ အမေရိကန် ရဲ့ ပြောကြားချက်တွေ အပေါ် ငြင်းဆိုထားပြီး၊ တရုတ် ဂျက်လေယာဉ်တွေဟာ အမေရိကန် လေယာဉ်ကို စောင့်ကြည့်တဲ့ နေရာမှာ တာဝန်သိစွာနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ် တိုက်လေယာဉ် နှစ်စီးဟာ အမေရိကန် လေယာဉ် ကို ခြေရာခံ စောင့်ကြည့်ရာ မှာ ဥပဒေ၊ စည်းမျဉ်းတွေနဲ့ အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ ဂျက်လေယာဉ်တွေဟာ လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာပဲ စဉ်ဆက်မပြတ် ရှိနေပြီး၊ အန္တရာယ်ရှိတဲ့ အပြုအမူမျိုး လုပ်ခဲ့တာ မရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က ပြောခဲ့ပါတယ်။

တရုတ် ကမ်းရိုးတမ်းတလျောက်မှာ အနီးကပ် ထောက်လှမ်းရေး လေယာဉ်တွေ ပျံသန်းတာဟာ တရုတ်ရဲ့ လေပိုင်နက်ကို ခြိမ်းခြောက်မှု အသွင်ဆောင်နေတယ်လို့ ပြောပြီး ဒီလို လုပ်တာကို ချက်ချင်း ရပ်တန့်ဖို့ တရုတ်နိုင်ငံက အမေရိကန် အစိုးရကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG