အီရတ်နိုင်ငံမှာရှိတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့တွေကို အမေရိကန်က စစ်ဆင်ရေး လုပ်နေတာဟာ ကုန်ကျစရိတ်တွေအလွန်များပြားပြီး တနေ့ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျတယ်လို့ အမေရိကန်ပန်တာဂွန် စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလယ်ကစတင်ပြီး လှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်လုပ်ဆောင်လာခဲ့တာကြောင့် အီရတ်နိုင်ငံအတွင်း ကုန်ကျစရိတ်ဟာလည်း တိုးလာခဲ့တယ်လို့ ရေတပ်ဗိုလ်ချုပ် John Kirby က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ဆီးရီးယားနိုင်ငံမှာရှိတဲ့ အစ္စလာမစ်စစ်သွေးကြွတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှု လုပ်နိုင်ခြေမရှိဘူးလို့ ပြောလိုက်ပြီးတဲ့နောက်တရက်အကြာမှာ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည့်စုံကောင်းမွန်တဲ့ အစီအစဉ်တရပ်ချမှတ်နိုင်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ သမ္မတကိုတင်ပြဖို့ အတွက်ရွေးချယ်စရာ နည်းလမ်းတွေကို ပြင်ဆင်လုပ်ဆောင်နေကြောင်း အဲဒီကနေ၊ အီရတ်နိုင်ငံက စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်သလိုမျိုး၊ ဆီးရီးယားနိုင်ငံက အစ္စလာမ်မစ်အစွန်းရောက်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်ဖို့ အမိန့်အထိပါ ပါဝင်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
အမေရိကန်က အီရတ်နိုင်ငံမှာ လေကြောင်းကနေ အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ဘက်က လေကြောင်းကနေ ကူပြီး တိုက်ခဲ့တာကြောင့် အီရတ် နဲ့ ကာဒစ်ရှ်တပ်ဖွဲ့တွေဟာ Mosul ဆည်ကို ပြန်ပြီးတော့ သိမ်းယူနိုင်ခဲ့ပါတယ်။