သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ စစ်အုပ်ချုပ်ရေး လုပ်ရပ် ပြည်သူတွေ ညည်းတွား


People flee the Hlaing Tharyar township in Yangon on March 16, 2021, as security forces continue a crackdown on protests in the area against the military coup. (Photo by STR / AFP)
People flee the Hlaing Tharyar township in Yangon on March 16, 2021, as security forces continue a crackdown on protests in the area against the military coup. (Photo by STR / AFP)

ရန်ကုန်မြို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ လှိုင်သာယာမြို့နယ်ထဲက စက်မှုဇုံဝန်ထမ်းတွေ အများစုနေထိုင်တဲ့ အဆောင်လိုင်းခန်းတွေမှာ လုံခြုံရေးတွေက အခုရက်ပိုင်း ညတိုင်းနီးပါး ဧည့်စာရင်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေးအတွက်လို့ဆိုပြီး ဥပဒေမဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်ထဲမှာပဲ လှိုင်သာယာမြို့နယ်ထဲမှာ လုယက် အနုကြမ်းစီးမှုတွေ ပိုများလာနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။

လှိုင်သာယာစက်မှုဇုံရှိတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ကနေ လာရောက် နေထိုင် အလုပ်လုပ်နေကြသူ အများအပြားရှိပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြအများစု ငှားရမ်းနေထိုင်နေတဲ့ အဆောင်တွေမှာ အခုရက်ပိုင်း လုံခြုံရေးလို့ဆိုကာ ညတိုင်းနီးပါး ဧည့်စာရင်းဝင်စစ်တာတွေ မသင်္ကာရင် စစ်ဆေးမေးမြန်း ရှာဖွေတာတွေကို အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုပ်နေတယ်လို့ ကိုယ်တိုင် စစ်ဆေးခံရသူတွေက ပြောပါတယ်။ နေအိမ်ကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးချိန်မှာ လုံခြုံရေးတွေက ကိုယ်ထိလက်ရောက် စစ်ဆေးမေးမြန်းတာခံခဲ့ရတယ်လို့ ကာယကံရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

လှိုင်သာယာအဝင် အောင်ဇေယျ ကြိုးတံတားအဆင်းမှာလည်း ကားတွေနဲ့ ဆိုင်ကယ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးမှုတွေ နေ့တိုင်းလို လုပ်နေပါတယ်။ အဲဒီလို လုံခြုံရေးအရဆိုပြီး ဆောင်ရွက်နေတဲ့နေရာမှာ အုပ်ချုပ်ရေးမှူးတွေက ဥပဒေမဲ့ နိုင့်ထက်စီးနင်းမှုတွေ ပိုလုပ်လာတာတေ့ွရတယ်လို့ လှိုင်သာယာ ၆ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"လမ်းဘေးမှာ တချို့ဆိုင်လေးတွေရှိတယ်လေ၊ အဆောင်တွေက ငှားထားတဲ့ဟာလေးတွေ ရှိတယ်လေ။ အဲဒီမှာ တမင်သက်သက်စောင့်ပြီး ဧည့်စာရင်းဝင်ဖမ်းတယ်၊ အဲဒါမျိုးတွေလုပ်တယ်၊ ပြီးရင်ရပ်ကွက်ရုံးခေါ်တယ်။ ၈ နာရီခွဲအချိန်လေးမှာ သမီးရည်းစားနှစ်ယောက် စကားပြောတာကို ချိန်းတွေ့လို့ဆိုပြီး တယောက် တသောင်းခွဲစီ တောင်းသွားတယ်။ နောက် အုပ်ချုပ်ရေးပိုင်းတွေက အဆင့်မြင့် ၅ ရပ်ကွက်၊ ၆ ရပ်ကွက် အကုန်လုံး အိမ်ဆောက်တိုင်း အုပ်ချုပ်ရေးမှူးက ပိုက်ဆံလိုက်တောင်းတယ်။ ပေ ၂၀ ပတ်လည်ဆောက်တဲ့ အိမ်တအိမ်ဆိုရင် သူတို့ ဆယ်သိန်းကျော်တောင်းတယ် ရာအိမ်မှူးတယောက်က။ ကိစ္စရှိလို့ အလုပ်ကပြန်တာ နောက်ကျတာတို့ အကြောင်းတခုခုကြောင့် နောက်ကျတာဆိုရင် ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက် ဝိုင်းလိုက်ပြီးဖမ်း ပြီးရင်ရိုက်နှက်ပေါ့။ နိုင့်ထက်စီးနင်း ပြုကျင့်တာတွေ အများကြီး။"

အခုလိုဖြစ်နေတဲ့ တချိန်ထဲမှာပဲ ခိုးယူ လုယက်မှုတွေလည်း ပိုဖြစ်နေပါတယ်။ လှိုင်သာယာစက်မှုဇုံက ဝန်ထမ်းကြိုပို့ယာဉ်တစီး မတ်လ ၅ ရက် စနေနေ့တုန်းကပဲ တားဆီး လုယက်ခံရပါတယ်။ ရွှေလင်ပန်း၊ မူကြိုလမ်းဆုံနားမှာ စက်ရုံဖယ်ရီကားကို လူတစုကရပ်ခိုင်းပြီး ကားပေါ်မှာပါလာတဲ့ စက်ရုံဝန်ထမ်းအမျိုးသမီးတွေဆီကနေ ငွေကြေးတွေယူသွားတယ်လို့ အဲဒီအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။

"လှိုင်သာယာက ဖယ်ရီကားပေါ့။ ဒါပေမယ့် ဘယ်စက်ရုံကလဲတော့ အတိအကျမသိဘူး။ ဒီ ရွှေလင်ပန်း မူကြိုလမ်းဆုံဘက်မှာ ဖြစ်တာ။ အခု ဒီနေ့တော့ ဘာသံမှမကြားသေးဘူး။ ကိုယ်လည်းသွားတော့သွားတယ်၊ သတိဝီရိယထားပြီး သွားရတာပေါ့။"


စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးကို တင်းတင်းကြပ်ကြပ်လုပ်နေသလို၊ တဘက်မှာလည်း ကျူးလွန်သူ မပေါ်တဲ့ ပြစ်မှုတွေဖြစ်နေပါတယ်။ လုယက်ခံရသူတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေကို တိုင်ကြားမှုတွေလည်း သိပ်မလုပ်ကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်ထဲမှာ အုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာနဲ့ အသေးစားပေါက်ကွဲမှုတွေလည်း ရှိနေပါတယ်။ မတ်လ ၆ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီလောက်ကပဲ လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ ရာအိမ်မှုးတဦး သေဆုံးခဲ့ပါတယ်၊ ပစ်ခတ်မှုက ဘယ်သူ့လက်ချက်လဲဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။ စစ်ကောင်စီလိုလားတယ်လို့ အများအမြင်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရမှုတွေ မကြာခဏဖြစ်နေပေမဲ့ ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျ မသိရပါဘူး။ စစ်ကောင်စီကတော့ အကြမ်းဖက်သူတွေ လုပ်တာလို့ သတင်းထုတ်ပြန်ပါတယ်။

========================










XS
SM
MD
LG