သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကနေဒီ လုပ်ကြံ ခံရတဲ့နေ့က မြန်မာတို့ တွေးမိခဲ့သမျှ


သမ္မတကနေဒီနဲ့ သမ္မတကတော် Dallas ကို ရောက်လာစဉ်။
သမ္မတကနေဒီနဲ့ သမ္မတကတော် Dallas ကို ရောက်လာစဉ်။
အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံခဲ့ရတာ နိုဝင်ဘာလ ၂၂ ရက် သောကြာနေ့ဆိုရင် နှစ် ၅၀ တင်းတင်း ပြည့်မြောက်တော့ မှာဖြစ်ပါတယ်။ ကနေဒီဟာ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံလူငယ်တွေကြားမှာ ထင်ရှားတဲ့၊ စိတ်ဝင်စားကြတဲ့ သမ္မတတစ်ဦးဖြစ်ပြီးတော့ သူလုပ်ကြံခံရတဲ့အပေါ် စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ ဝါရင့်သတင်းစာဆရာကြီး တစ်ဦးကပြော ပါတယ်။ နိုင်ငံမှာ ဒီလိုခေါင်းဆောင်တွေ ရဲ့ ရှေ့ဆောင်မှု မရှိတဲ့ အတွက် ဆုံးရှုံးမှုဖြစ်ရတယ်လို့ ဝါရင့် သံတမန် ဟောင်းတစ်ဦးကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၃၅ ဦးမြောက်သမ္မတဖြစ်သူ ဂျွန် အက်ဖ် ကနေဒီ
(John F. Kennedy) ဟာ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က
အမေရိကန်တောင်ပိုင်း၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ
အမေရိကန်အလယ်ပိုင်း ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ
သေနတ်သမား လီ ဟာဗေး အော့စ်ဝေါလ်ဒ် (Lee Harvey Oswald) က ပစ်ခတ်လုပ်ကြံတဲ့ အတွက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ကြေးမုံသတင်းစာရဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်နေတဲ့
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က သမ္မတကနေဒီ လုပ်ကြံခံရတဲ့သတင်းကို လက်နှိပ်စက်နဲ့ရိုက်ပြီးတော့ သတင်းစာမှာ အချိန်မီ
ထည့်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီသတင်းအပေါ် လူအတော်များများက
စိတ်ဝင်တစားရှိခဲ့ကြတယ်လို့လည်း ဦးဝင်းတင်က ဗွီအိုအေကိုပြောပါတယ်။

"ကနေဒီက မြန်မာပြည်မှာ အဲ့ဒီ့အချိန်တုန်းက လူငယ်တွေကြားထဲမှာရော ထင်ရှားတဲ့ အမေရိကန်သမ္မတဖြစ်တဲ့အခါကျတော့ စိတ်ဝင်စားခံရတဲ့ သမ္မတဖြစ်တော့ ကနေဒီလုပ်ကြံခံရတယ်ဆိုတဲ့သတင်းကို သိတာနဲ့တပြိုင်နက်တည်း လူတော်တော်များများကလည်း စိတ်မကောင်းကြဘူး။ နောက်ပြီးတော့ အချင်းချင်းတွေ ဖုန်းဆက်ပြီးပြောကြတယ်။ မီဒီယာတွေကို လှမ်းပြောကြတယ်။ အဲ့ဒီ့လောက်ကြီး လှုပ်လှုပ်ရှားရှားဖြစ်တာကတော့ သေချာတယ်။ အဲ့တာကတော့ ကျနော်သတိထားမိတာကတော့ အဲ့လောက်ပါပဲ။

ကျန်တဲ့ဟာကတော့ သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာတို့၊ အင်တာဗျူးတွေလုပ်တာ၊ ရေးကြ၊သားကြ ပြောကြဆိုကြ ဆိုတဲ့ပုံစံနဲ့တော့ သိပ်တော့မတွေ့ကြဘူးထင်တယ်။ သို့သော် သူတို့ စိတ်ဝင်စားတယ်။ လူတွေက တော်တော်စိတ်ဝင်စားတဲ့အတွက် ကျနော် လုပ်ကိုင်နေတဲ့ ကြေးမုံသတင်းစာဟာဆိုရင် မနက်ကြီးလေးငါးနာရီမှာ ရတဲ့သတင်းကို ကျနော်တို့ ချက်ခြင်းကျနော်တို့ ပြောင်းလဲပြီးတော့ ရတဲ့နည်းနဲ့ မှီအောင်လုပ်ပြီးတော့ သတင်းဖော်ပြခဲ့ပါတယ်။ အဲ့တာကိုတော့ ကျနော်မှတ်မိပါတယ်။"

မြန်မာနိုင်ငံမှာ အဲဒီအချိန်ဟာ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း
ဦးနေဝင်းဦးဆောင်တဲ့ စစ်တပ်ကနေ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်တဲ့
ဖဆပလအစိုးရကို ဖြုတ်ချပြီးတော့ အာဏာသိမ်းယူထားတဲ့ကာလဖြစ်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့
ဝါရင့်သံတမန်ဟောင်းတစ်ဦးဖြစ်သူ သခင်ချန်ထွန်းက တော့ အဲဒီအချိန်က
လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှာ အဖွဲ့ဝင်နဲ့ အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သမ္မတကနေဒီ လုပ်ကြံခံရတဲ့ သတင်းကို ရေဒီယိုကနေ ကြားခဲ့ရပြီး သူ အတွေးဖြစ်ခဲ့ပုံကို သခင်ချန်ထွန်းက အခုလို ပြောပြပါတယ်။

" ဒီအစဉ်အလာဟာ အင်မတန်မှ ဆိုးသွမ်းတဲ့အစဉ်အလာ၊ အင်မတန် ဆိုးသွမ်းတဲ့ လုပ်ရပ်လို့ပဲ ဒီလိုမြင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလည်း လုပ်ကြံခဲ့တာကိုး။ လုပ်ကြံခဲ့တော့ မြန်မာပြည်မှာလည်း ဘာပဲပြောပြော လူအားလုံးဟာ ပူဆွေးသောကရောက်ခဲ့ကြရတယ်။ ဘာပဲပြောပြော နိုင်ငံမှာ ခေါင်းဆောင်ကြီးတွေရဲ့ ရှေ့ဆောင်မှုမရှိတဲ့အတွက် ဆုံးရှုံးမှု အကြီးအကျယ်နစ်နာမှုရှိရတယ်လို့ ဒီလိုပဲမြင်ခဲ့ပါတယ်။ အားလုံးဟာ လုပ်ကြံမှုကို မကြိုက်ကြပါဘူး။ နိုင်ငံရေးကိုလေ့လာတဲ့သူတွေ၊ ဝါသနာပါတဲ့သူတွေ၊ သတင်းစာတွေ ဖတ်တဲ့သူတွေက ဒါတွေကို အကုန်လုံးသိထားတယ်။ ဒီလိုပုဂ္ဂိုလ်တွေကတော့ ဒါကို ရှုံ့ချကြတဲ့သဘောတွေ့ရပါတယ်။"

သမ္မတကနေဒီဟာ ဇနီးဖြစ်သူ ဂျက်ကလင်း ကနေဒီ (Jacqueline Kennedy) နဲ့အတူ ကားနဲ့သွားနေချိန်မှာ သေနတ်သမား အောစ်ဝေါလ်ဒ်က ပစ်ခတ်ခဲ့တာပါ။ အောစ်ဝေါလ်ဒ်ကိုယ်တိုင်ဟာလည်း
သမ္မတကို လုပ်ကြံမှုနဲ့ တရားရုံး တင်စစ်ဆေးတာ မခံရခင် မှာပဲ ဂျက်က် ရူဘီ
(Jack Ruby) ဆိုသူက သေနတ်နဲ့ပစ်လို့ သေဆုံးသွားခဲ့ပြန်ပါတယ်။

ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတတစ်ယောက်လုံး လုပ်ကြံခံရလောက်အောင် ဘာ့ကြောင့် လုံခြုံရေး ပေါ့လျော့ရတာလည်း ဆိုတာကို မေးခွန်းထုတ်မိပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ပြောသူက အဲဒီအချိန် မြန်မာ့တပ်မတော် အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပြီး နောင်မှာ ကာကွယ်ရေးဦးစီးချုပ်အထိ ဖြစ်လာခဲ့တဲ့
ဗိုလ်ချုပ် ကြီးဟောင်း သူရဦးတင်ဦးဖြစ်ပါတယ်။

"တိုင်းပြည်တခုက ခေါင်းဆောင်ကြီး ဘာဖြစ်လို့ အဲ့လောက် လွတ်လွတ်လပ်လပ်ကြီး၊ အရင်တုန်းကလည်း အီဗရာဟင်လင်ကွန်းတို့ အသတ်ခံရတာလည်း ကြားဖူးပါတယ်။ ဖြစ်ရလေခြင်းဆိုတာမျိုးပေါ့ဗျာ။ သမ္မတတယောက်တောင် လုပ်ကြံခံရလောက်အောင် လုံခြုံရေးက ဘယ်လိုဖြစ်တာလဲ။ ဘာလဲဆိုတဲ့ အတွေးတွေတော့ ရှိတာပေါ့။ တပ်ထဲမှာတော့ ကျနော်တို့တပ်ထဲမှာကတော့ ဒီလိုဟာမျိုးနဲ့ပတ်သက်တာ အားလုံးက သိပ်ပြီး မလုပ်ကြ၊ မပြုကြ၊ မရှိကြတဲ့အခါကျတော့ကာ သိပ်တော့ ပူပင်မှုမဖြစ်လောက်ဘူး ထင်တယ်။ အဲ့တာကြားတော့ စိတ်မကောင်းဘူးဗျ။"

၁၉၆၃ ခုနှစ် နိုဝင်ဘာလဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိတ်သုန်းခါစ
အချိန်ကာလဖြစ်တဲ့အတွက် ဒီနေ့အချိန်အခါလိုမျိုး သတင်း မီဒီယာတွေမှာ
ပွင့်လင်းစွာ ရေးသား ဖော်ပြနိုင်တာမျိုးမရှိတာကြောင့် လူထုအမြင်ကို သိရအောင် မေးမြန်းနိုင်တာမျိုး၊ အမေရိကန် သမ္မတတစ်ဦး လုပ်ကြံခံရတဲ့အပေါ် ဘက်ပေါင်းစုံက ဝေဖန် သုံးသပ်ချက်မျိုးတွေမရှိခဲ့ဘူးလို့ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောပါတယ်။
XS
SM
MD
LG