ဒီခေတ်ကြီးမှာ သတင်းတွေကို ရှောင်လွှဲလို့မရတဲ့ အနေထားဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုမှာ ရေဒီယိုနဲ့ ရုပ်သံ သတင်းဌာနတွေ၊ သတင်းဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ်မီဒီယာတွေကနေ ၂၄ နာရီပတ်လုံး သတင်းတွေ မပြတ်ရနေတာကြောင့် အမေရိကန်တွေဟာ သတင်းတွေများလွန်းတဲ့အတွက် စိတ်ပျက်ငြီးငွေ့ နေကြပုံပေါ်ပါတယ်။
မကြာသေးခင်က ဝါရှင်တန်အခြေစိုက် Pew သုတေသနဌာနက ထုတ်ပြန်တဲ့ စစ်တမ်းမှာတော့ အမေရိကန် ၇၀ % လောက်ဟာ စိတ်ပျက်နေကြပြီး ၃၀ % လောက်ကတော့ ကျေနပ်ကြတာတွေ့ရပါတယ်။
Republicanပါတီဝင် ၇၇ % လောက်က သတင်းတွေကို စိတ်ပျက်တယ်လို့ ပြောပေမယ့် ဒီမိုကရက်တစ်ပါတီဝင် ၆၁ % လောက်ကပဲ စိတ်ပျက်တယ်လို့ဆိုပါတယ်။
ပြည်တွင်းသတင်းမီဒီယာတွေ သူတို့ပရိတ်သတ်ကိုသတင်းတင်ပြပုံ သိပ်မကောင်းတဲ့အတွက် စိတ်ပျက်တယ်လို့ ပြောသူက ရာခိုင်နှုန်း ၈၀ ရှိပါတယ်။ တချို့ကတော့ သူတို့စိတ်ပျက်ရတာဟာ သတင်းတုတွေကြောင့်လို့ ဆိုပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ထဲမှာ လူမျိုး၊ ကျားမ ကွဲပြားမှုနဲ့ အသက်အပိုင်းအခြား အလိုက်လည်း သဘောထားကွဲ ကြတာပါ။ သတင်းတွေကို စိတ်ပျက်တယ်လု့ိ ပြောကြတဲ့ လူဖြူက ၇၃ % ၊ စပိန်စကားပြော Hispanic က ၅၅ % နဲ့ လူမဲက ၅၅ % ရှိနေသလို အမျိုးသမီးက ၇၁ % စိတ်ပျက်တယ်လို့ ပြောချိန်မှာ အမျိုးသားကတော့ ၆၄ % ပဲ သတင်းတွေအပေါ် စိတ်ဝင်စားမှု သိပ်မရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၆၅ နှစ်အထက်တွေက လူငယ်တွေထက် သတင်းတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။