သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပြီးကာလ လူထုကြား စိုးရိမ်ချက်တချို့ရှိဆဲ


ရွေးကောက်ပွဲရလဒ် ကြေညာသည်ကို NLD ရုံးချုပ်ရှေ့တွင် စုဝေးပြီး စောင့်ဆိုင်းနားထောင်နေသူများ။
ရွေးကောက်ပွဲရလဒ် ကြေညာသည်ကို NLD ရုံးချုပ်ရှေ့တွင် စုဝေးပြီး စောင့်ဆိုင်းနားထောင်နေသူများ။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ တခဲနက် ရွေးချယ်မှုနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒမဲရလဒ် အများဆုံးနဲ့ အစိုးရဖွဲ့စည်းနိုင်တဲ့အထိ အနိုင်ရသွားပြီဖြစ်ပေမယ့် နောင်တက်လာမယ့် အစိုးရသစ်နဲ့ အုပ်ချုပ်ရေးအပြောင်းအလဲအပေါ် ပြည်သူလူထုဘက်က မျှော်လင့်ချက်အတိုင်းဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ လူထုကြား စိုးရိမ်စိတ်တွေနဲ့ သဘောထားအမြင်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အခုဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်ကြေညာ ချက်အရ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရတရပ်ဖွဲ့စည်းနိုင်မယ့်အထိ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်ရဲ့အစိုးရသစ် အုပ်ချုပ်ရေးအပြောင်းအလဲအပေါ် တခဲနက်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကလည်း အတော်လေးကို ကြီးမားနေပါတယ်။

ဒါပေမဲ့ ရန်ကုန်ြမို့ တာမွေမြို့နယ်နေ ရန်ကုန်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုရဲကတော့ ပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ရှိပါတယ်။

“အခုကျနော်တို့ ဝန်းကျင်မှာပြောနေဆိုနေ ကြားနေရသလောက်ကတော့ အများစုက NLD ကို မဲထည့်ပြီးတဲ့နောက်မှာ အခု အပြတ်အသတ်လည်း နိုင်သွားပြီ ။ နိုင်တော့ NLD ဥက္ကဋ္ဌလည်းတက်လာရင် တိုင်းပြည်က အကောင်းဖက်ကို ပြောင်းလာမယ်ပေါ့နော်။ အများကြီး မျှော်လင့်နေကြတာ ဥပမာဆိုရင် ကျနော်တို့ ကျန်းမာရေးနဲ့ပက်သက်ရင် တချို့ ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ အလုပ်လုပ်နေတဲ့ လူတွေမှာ အများကြီး အပြောင်းအလဲတွေ ဖြစ်တော့မယ်။ ကောင်းတဲ့ဖက်ကိုဦးတည်ပြီးပြောင်းတော့မယ်။ ဒါမျိုးတွေ မျှော်လင့်နေကြတယ်ပေါ့။ လက်လုပ်လက်စားလူတန်းစားဆိုရင် သူတို့ခေါ်နေကြအတိုင်း ပေါ့၊ အမေစုက အမေစုတက်ရင် အားလုံးကကောင်းလာတော့မှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းတဲ့မျှော်လင့် ချက်တွေရှိတယ်လို့ မျှော်လင့်နေကြတယ်။ တချို့ကျတော့ နဲနဲတောင်မှ သူတို့ မျှော်လင့်တာ အရမ်းများနေလားပေါ့ ။ မျှော်လင့်ချက် အရမ်းကြီးနေတာတွေ ထင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေကျတော့ နေ့ချင်းညချင်းလည်း ပြောင်းနိုင်မှာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကော စစ်တပ်ကနေပြီးတော့ ဝင်ပြီးတော့ နေရာယူထားတဲ့အပိုင်းအရကော ပေ့ါနော်။ ဒီဟာတွေက အပေးအယူတွေ၊အလျှော့အတင်းတွေ အများကြီးပဲ လုပ်ရအုန်းမှာပေါ့နော်။ ဒီအပြောင်းအလဲတွေ ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ချက်ချင်းကြီး သူတို့ မျှော်လင့်နေသလောက်ကြီးတော့ မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲလာမှာ မဟုတ်ဘူးပေါ့ ကျနော်ကထင်တာပေါ့။”

ခေတ်အဆက်ဆက် စစ်အစိုးရအုပ်ချုပ်မှု စနစ်ဆိုးအောက် နှစ်ရှည်လများ အသားကျနေတဲ့ အုပ်ချုပ်ရေးအပြောင်းအလဲအောက်မှာ အစိုးရသစ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ဖို့ ယုံကြည်ပါတယ်လို့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်က မပိုးနုဖြူက ယုံကြည်မျှော်လင့်ပါတယ်။

“ကျမက အချိန်အတိုင်းအတာ တခုကို ယူရအုန်းမယ်လို့ထင်တယ် နောက်အစိုးရ အနေနဲ့ကပေါ့နော်။ ရှေ့အစိုးရကလုပ်ခဲ့တဲ့ ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို သူ ဖြေရှင်းရအုန်းမယ်။ ချက်ချင်းကြီးတော့ ကျမတို့ ပြုပြင်ပြောင်းလဲသွားမယ်လို့တော့ မထင်ဘူးရှင့်။”

မကွေးတိုင်း သရက်မြို့နယ်က ဦးလှမြင့်ကတော့ ပြည်သူလူထုက မျှော်လင့်ချက်အပြည့်နဲ့ တခဲနက်မဲပေးခဲ့တဲ့အတွက် အတိုက်အခံပါတီ အနိုင်ရခဲ့ပေမဲ့လို့ တရားဝင်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်၊ အုပ်ချုပ်သူအစိုးရသစ်ရဲ့ စွမ်းဆောင်ရည်ရှိမှုအပေါ်တော့ စောင့်ကြည့်ရဦးမယ်လို့ဆိုပါတယ်။

“အခုနောက်တက်လာမယ့် အစိုးရသစ်ရဲ့ စွမ်းဆောင်မှုအပေါ်လည်း မှုတည်တယ်လေ။ လောလောဆယ်ကတော့ သူတို့ဖွဲ့မယ့် cabinet အဖွဲ့အစည်း၊ cabinet ပဲဆိုပါတော့။ အစိုးရအဖွဲ့မှာ တကယ် စွမ်းရည်ပြည့်စုံတဲ့ လူတွေနဲ့ ဖွဲ့နိုင်ရင်ကောင်းတာပေါ့နော်။ ကိုယ့်လူရင်းတွေပဲ အားကိုးနေရင် မဟုတ်သေးဘူးပဲ။ အဲဒါ တခုတော့ရှိတယ်လေ။”

အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ သြဇာ လွှမ်းမိုးနေတဲ့ စစ်တပ်နဲ့ ဆက်ဆံရမယ့် ကိစ္စအပါအဝင် တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု၊ ကျမ်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ ပြုပြင်ပြောင်းလဲရေး အုပ်ချုပ်မှုအသစ်မှ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။

XS
SM
MD
LG