သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲ ပါတီမူဝါဒ အကြမ်းဖျင်းထွက်ပေါ်


ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - PPP Facebook, နိုဝင်ဘာ ၃၀၊ ၂၀၁၉)
ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - PPP Facebook, နိုဝင်ဘာ ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးမှာ မဟုတ်သလို သြဇာကြီးမားတဲ့ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးမယ့်ပါတီ မဟုတ်ကြောင်း PPP တည်ထောင်သူ ဒေါက်တာသက်သက်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မှာလုပ်တဲ့ ပါတီမိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။ PPP ပါတီအနေနဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာပဲ အဓိက ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NLD ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဦးဆောင်ထူထောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအပေါ် သဘောထားအမြင်အမျိုးမျိုး ရှိနေတဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အချိန်တလကျော်အတွင်း ပါတီဝင်အင်အား တထောင်ကျော်ရှိနေပြီဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို အောက်တိုဘာလ ၂၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က တရားဝင် မှတ်ပုံတင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်သူ့ရှေ့ဆောင်ပါတီကို ထူထောင်ဖို့ စတင်ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ဒေါက်တာသက်သက်ခိုင် အပါအဝင် ပါတီတည်ထောင်သူ ၁၉ ဦးဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တတ်သိပညာရှင် အများစု ဖြစ်ကြပါတယ်။

မနေ့ စနေနေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပါတီမိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပါတီကို ထူထောင်သူလည်းဖြစ်၊ သဘာပတိ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီ အဓိကကျင့်သုံးမယ့် မူဝါဒနဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

“ပါတီကို Level အသီးသီးမှာ အောင်မြင်နေကြတဲ့ တတ်သိပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်များ၊ အတွေ့အကြုံ ရင့်ကျက်သူများ၊ တိုင်းရင်းသားများနဲ့ ပညာတတ်လူငယ်များ စုပေါင်းဦးဆောင်ကြမှာ ဖြစ်ပါတယ်။ ကျမတို့ပါတီဟာ ဗဟိုဦးစီးစနစ်နဲ့ သွားမယ့် Paternalistic Party မဟုတ်သလို သြဇာတိက္ကမ ကြီးမားတဲ့ ခေါင်းဆောင်တယောက်တည်းကိုသာ အားကိုးတဲ့ Personalistic Party လည်း မဟုတ်ပါဘူး။ ကျမတို့ပါတီဟာ ပြည်သူလူထုတရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ တိကျတဲ့ မူဝါဒ မူဘောင်နဲ့ လုပ်ငန်းစဉ်တွေအပေါ် အခြေခံပြီး တည်ဆောက်သွားမယ့် Programmatic ပါတီ ဖြစ်ပါတယ်။ Programmatic ပါတီလို့ ဆိုရာမှာ လူတစု၊ တယောက်ရဲ့ ထင်မြင်ယူဆချက်အပေါ် အခြေမခံဘဲ ယုံကြည် စိတ်ချရတဲ့ သုတေသန တွေ့ရှိချက်တွေ၊ လက်တွေ့ကျတဲ့ သုံးသပ်ချက်တွေအပေါ် အခြေခံပြီး မူဝါဒချမှတ်ခြင်း၊ နိုင်ငံတော်မှ လက်ရှိ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစီမံချက်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်မူဝါဒများ ချမှတ်သွားမှာ ဖြစ်ပါတယ်။”

၂၀၂၀ ပြည့် ရွေးကောက်ပွဲအတွက် ပါတီအနေနဲ့ ပြင်ဆင်နေရာမှာ တိုင်းဒေသကြီး ၇ ခုမှာပဲ အဓိက ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပါတီ သဘာပတိအဖွဲ့ဝင် ဦးမြင့်မောင်ထွန်းက အခုလိုပြောပါတယ်။

“တိုင်းရင်းသားတွေအပေါ်မှာ သွားပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ မလုပ်ဘူးလို့ အကြမ်းဖျင်းတော့ ကျနော်တို့ စဉ်းစားထားတာ ရှိပါတယ်။ သို့သော်လည်း အဲဒီပြည်နယ်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ၊ လိုလားချက်အရ လိုအပ်ရင်တော့ ပြည်နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့လည်း စဉ်းစားထားပါတယ်။ သို့သော်လည်းပဲ ဆုံးဖြတ်ထားတာတော့ ဒီနေ့အထိ မရှိသေးပါဘူး။”

တတ်သိပညာရှင်တွေ ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီလိုမျိုး နိုင်ငံရေးပါတီတခု ပေါ်ထွက်လာတာဟာ နိုင်ငံရဲ့လိုအပ်ချက်နဲ့ အထူးကိုက်ညီမှုရှိနေကြောင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“ကျနော်တော့ သဘောကျတယ်ဗျ။ ဒေါက်တာသက်သက်ခိုင်ရဲ့ ပါတီ အခုအသစ်ဖွဲ့တာ အားပေးတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု အရမ်းကို လိုအပ်နေတဲ့ နိုင်ငံရေးပါတီတခု ဖြစ်တယ်။ အခုရှိနေတဲ့ နိုင်ငံရေးပါတီတွေဟာ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ကျနော် လေ့လာကြည့်တဲ့အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်၊ အားနည်းချက်တွေ အများကြီးရှိတယ်။ အခု ဒေါက်တာသက်သက်ခိုင်တို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ သူတို့ပြောတဲ့အတိုင်းဆိုရင် စုပေါင်းခေါင်းဆောင်တဲ့ အဖွဲ့ဖြစ်တယ်။ ပြီးတော့ လူငယ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတယ်။ အာဏာရှင်ဆန်ဆန်မျိုး အုပ်ချုပ်တာမဟုတ်ဘဲနဲ့ ဒီမိုကရေစီနည်းကျကျ ပြည်သူတွေအတွက်၊ နိုင်ငံအတွက်၊ ပြီးတော့ တိုင်းရင်းသားတွေအတွက်လည်း ပါတယ်။ လူမျိုးမခွဲခြားဘဲ အားလုံးအကျိုးရှိဖို့ လုပ်တဲ့ပါတီဆိုရင် ကျနော့်အနေနဲ့ အများကြီး သဘောကျတယ်။ အားလည်း အားပေးပါတယ်။”

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းလည်းဖြစ်၊ ဒဂုံမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်းလည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ဟာ ပါတီကို သတင်းမီဒီယာတွေကနေ လူသိရှင်ကြား ဝေဖန်မှုနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ဒေါက်တာသက်သက်ခိုင်ဟာ NLD ပါတီကနေ သူကိုယ်တိုင် တရားဝင် နုတ်ထွက်ခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီမှာ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

အခုလို ဒေါက်တာသက်သက်ခိုင် ပါဝင်ထူထောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ ဒီမိုကရေစီ အင်အားစုတွေ ယိမ်းယိုင်သွားအောင်လုပ်တဲ့ ပါတီအသစ် ဖြစ်နေမလားဆိုပြီး မေးခွန်းထုတ်လာသူက အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်နေတဲ့ ဒေါက်တာတင့်ဆွေ ဖြစ်ပါတယ်။

“အခုထွက်လာတဲ့ ပါတီအသစ်တွေကို ကြည့်လို့ရှိရင် သူတို့ဟာ လက်ရှိ အာဏာရနေတဲ့ NLD အစိုးရ၊ အရင်ကရထားတဲ့ ကြံ့ခိုင်ရေးအစိုးရ ဒီနှစ်ခုကို အားမရလို့၊ သို့မဟုတ် အလိုမတူလို့ သဘောမတူလို့ အသစ်ဖြစ်လာကြတာ။ သူတို့လည်း အမျိုးမျိုးတော့ ကြိုးစားကြမှာပေါ့။ သို့သော် ကျနော်မြင်တာက မြန်မာနိုင်ငံမှာ ဒီနေ့ နိုင်ငံရေး အခြေအနေဟာ အခြေအနေနှစ်ရပ်ပေါ့၊ အာဏာရှင်ဆန်တဲ့ အုပ်စုနဲ့ ဒီမိုကရေစီဆန်တဲ့ အစိုးရ ဒီနှစ်ရပ် လွန်ဆွဲနေတဲ့အချိန်မှာ အခု တတိယဖြစ်တဲ့၊ စတုတ္ထဖြစ်တဲ့ ပေါ်လာတာတွေဟာ ဒီမိုကရေစီအင်အားစုဘက်ကို ယိမ်းယိုင်စေအောင်လုပ်တဲ့ ပါတီအသစ်တွေလားလို့ ကျနော် သံသယရှိပါတယ်ဗျ။”

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ပါတီရဲ့ ဂုဏ်ထူးဆောင်အကြံပေးအဖြစ် ထဲထဲဝင်ဝင် ပါဝင်ကူညီသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အလားတူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကလည်း ပါတီရဲ့ စီးပွားရေးနဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပါတီမိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ နိုင်ငံရေးပါတီတွေထဲ ပုံစံသစ်အနေနဲ့ ထွက်ပေါ်လာတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မှတ်ပုံတင် ရရှိထားတဲ့ ပါတီစုစုပေါင်း ၁၀၀ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

----------------------------------

(Unicode)















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG