[[Zawgyi/Unicode]]
အမေရိကန်ပြည်သူတွေအနေနဲ့ Johnson & Johnson’s ကိုဗစ်ကာကွယ်ဆေးထက် Pfizer နဲ့ Moderna ပိုထိုးကြဖို့ အမေရိကန် CDC အကြံပေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အကြောင်းရင်းကတော့ Johnson & Johnson's ကာကွယ်ဆေးကြောင့် ဖြစ်တောင့်ဖြစ်ခဲ့ပေမဲ့ ဖြစ်လာခဲ့ရင် တခါတရံ အသက်အန္တရာယ်ရှိတဲ့ သွေးခဲမှုပြဿနာဖြစ်စေနိုင်လို့ပါလို့ CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ လွတ်လပ်တဲ့ သီးခြားအကြံပေးအဖွဲ့က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။ အမေရိကန် CDC ရဲ့ ကာကွယ်ဆေးထိုးရေးဆိုင်ရာ အကြံပေးကော်မတီအနေနဲ့ မနေ့က အခုလို တခဲနက် မဲခွဲအကြံပြုခဲ့ပေမဲ့ နောက်ဆုံးညွှန်ကြားချက်ထုတ်ဖို့တော့ CDC အဖွဲ့ကိုယ် တိုင် ဆုံးဖြတ်ပေးရဦးမှာပါ။
J & J လို့အတိုခေါက်ခေါ်တဲ့ ဒီ Johnson & Johnson's ကာကွယ်ဆေးထိုးခဲ့သူတချို့မှာ သွေးခဲတာနဲ့ သွေးဖြူဥနည်းလာတာတွေ အရင်တွေ့ရှိထားခဲ့ပြီး အများစုက အသက် ၅၀ ကျော် အမျိုးသမီးတွေမှာ ဖြစ်ခဲ့တာပါ။ အမေရိကန်မှာ အခုလိုသွေးခဲမှုကြောင့် အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့ရတဲ့ အန္တရာယ်အပြင် ဒီ J & J ကာကွယ်ဆေးက Pfizer နဲ့ Moderna လောက် ထိရောက်မှုမရှိဘူးလို့ CDC က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အခုလိုအချိန်မှာ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ တခြားတိရိစ္ဆာန်တွေလည်း ကိုဗစ်ကူးစက်နိုင်တာမို့ ရောဂါရှိသူတွေနဲ့ ထိတွေ့မှု ရှောင်ပေးသင့်တယ်၊ ဒါပေမဲ့ တိရိစ္ဆာန်တွေမှာဖြစ်ရင် ပြင်းထန်မှုတော့မရှိဘူးလို့ အမေရိကန် ကျန်းမာရေးအရာရှိတွေက ပြောလိုက်ပါတယ်။
အခုလို လူတွေကနေ ခွေး၊ ကြောင်၊ မြွေပါ၊ ကတိုးဖြူ၊ ယုံ၊ ဖျံ၊hyena ခွေးတွေ၊ အမြီးဖြူသမင်တွေကို ကူးစက်နိုင်ပေမယ့် တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်နိုင်ခြေ သိပ်နည်းတယ်လို့ Ontaria တိမွေးကုဌာနက Dr. Scott Weese ဆိုပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေက တိရိစ္ဆာန်ရုံတချို့မှာတော့ ကြောင်မျိုးနွယ် သတ္တဝါအကြီးတွေ၊ နို့တိုက်သတ္တဝါတွေကိုပါ ကာကွယ်ဆေး ထိုးပေးထားပါတယ် ခင်ဗျာ။
======================
[[Unicode]]
======================