သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုဒဏ်ခံ ရေမဆေးလုပ်သားတွေဘဝ


ရေမဆေးသမားများဘဝ
ရေမဆေးသမားများဘဝ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စနေနေ့က မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၂၁၃ ဦးရှိသွားပြီး ၁၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲပါ။ သေ ဆုံးပျောက်ဆုံးသူတွေ အများစုဟာ ရေမဆေးကျောက် ရှာတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီဒေသက ရေမဆေးကျောက် ရှာတဲ့သူတွေဟာ မြန်မာနိုင်ငံအနှံ့က လာရောက်ကြသူတွေ ဖြစ်ပါတယ်။ ဒီရေမဆေးကျောက် ရှာတဲ့သူတွေရဲ့ ဘဝအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ရဲ့အထွေထွေ အတွင်းရေးမှူး ကိုဆာဂျီးကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

“အဲဒီ ရေမဆေးသမားဆိုတာက အင်မတန်မှ သနားစရာကောင်းတဲ့ ဘဝတွေပဲလေ။ တကယ်တမ်းကျတော့ ကျနော်တို့ တိုင်းသူပြည်သားတွေပဲ။ တိုင်းရင်းသားတွေအားလုံးပေါ့။ ကချင်ပြည်နယ်ဆိုပေမဲ့လည်း ကချင်တမျိုးတည်းပဲ လုပ်ကိုင်စားသောက်တဲ့ နေရာမဟုတ်ဘူး။ အားလုံး သိတဲ့အတိုင်းပဲနော်။ ရေမဆေးဆိုတာက ဗမာပြည် တပြည်လုံးအနှံ့က အောက်ပိုင်းကရော၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူးတိုင်းကအစ အားလုံး ရခိုင်ပြည်နယ် အားလုံးပေါ့။ ဖားကန့်မှာပဲ အသက်မွေးဝမ်းကျောင်းလုပ်တာ။ သူတို့က အလုပ်မရှိ ဗမာပြည် တပြည်လုံးမှာ အလုပ်မရှိလို့ မတတ်နိုင်လို့ သူဌေးဖြစ်ချင်လို့ ဒီ ဖားကန့်ဘက်ကို တက်လာတဲ့ လူတွေပေါ့နော်။ ဟိုမှာရောက်လည်း သူဌေးတော့ မဖြစ်ဘဲနဲ့ အခုလို သူများမြေစာ ကုမ္ပဏီကနေ စွန့်ပစ်ထားတဲ့ မြေစာပုံမှာ ကျောက်ကို သွားရှာတယ်။ သွားရှာတဲ့အချိန်မှာ သူတို့ဘဝက အခုလို ဒီ မလိုလားအပ်တဲ့ ဒုက္ခဆိုးကျိုးတွေ ခံရတယ်။ မတော်တဆ ထိခိုက်မှုတွေ၊ ကျင်းပြိုတာတွေ၊ နောက်နေ့ ကုမ္ပဏီကားတွေနဲ့ မတော်တဆ တိုက်တာ။ ဒါမျိုးဘဝနဲ့ ရင်ဆိုင်နေရတဲ့ ရေမဆေးသမားရဲ့ ဘဝတွေပေါ့နော်။ တကယ့်ကို အင်မတန်မှ ဆင်းရဲတယ်။ ဗမာပြည်မှာ ဘာမှ လုပ်ကိုင်စားသောက်လို့ အလုပ်အကိုင်မဲ့ ဖြစ်တဲ့အချိန်မှာ မျှော်လင့်ချက်ကြီးစွာနဲ့ ဖားကန့်ကို ကျောက်စိမ်း ရချင်ရ၊ မရချင်မရပေါ့ တကယ်တော့ ရဖို့ မျှော်လင့်ပြီးတော့ ရောက်လာတဲ့သူတွေ အခုလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေနဲ့ အခုလို သူတို့ဘဝက စတေးခဲ့ရတဲ့ အခြေအနေတွေပေါ့နော်။ ဘာလို့ ဒီလိုဖြစ်ရတယ်ဆိုတာ ဖားကန့်ရောက်လျက်နဲ့ ဒီလိုမျိုး မရှိဆင်းရဲသားတွေ၊ ဒေသခံနဲ့ သာမန်လူထုတွေ ဗမာပြည် တပြည်လုံးက တိုင်းရင်းသားတွေကို တရားဝင် လုပ်ပိုင်ခွင့် လိုင်စင်က ဘယ်သူမှ မပေးဘူး။ တကယ့် အထက် အရာရှိနဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့ လူတွေကိုပဲ ကုမ္ပဏီစနစ်ပဲ တူးဖော်ခွင့်ပြုတယ်။ အကယ်၍ အဲဒီကုမ္ပဏီမှာ ရေမဆေးကောက်တဲ့ သူတွေကိုတောင်မှ ည အဲဒီမှာ လုံခြုံရေးယူတဲ့လူက ရိုက်ပြီးမှ ဖမ်းပြီးတော့ ထောင်ထဲထည့်ပြီးမှ ပိုက်ဆံမရှိတဲ့ကြားမှာ တယောက်ကို ၁ သိန်း ၂ သိန်းနဲ့ ပြန်လာ ရွေးခိုင်းတဲ့ဟာမျိုး၊ ဒါမျိုး ရင်ဆိုင်နေရတဲ့ လူတွေချည်းပဲ။ ဒါကြောင့် ရေမဆေးသမားဘဝဆိုတာ ကံကောင်းရင် ရမယ်။ မကောင်းရင် မရဘူး။ တနေကုန် ညမအိပ်၊ နေ့မအားပေါ့နော် အဲ့လိုမျိုး သူတို့က လုပ်ငန်းရှာဖွေနေရတဲ့ လူတွေပေါ့နော်။ တော်တော်လေးကို သနားစရာ ကောင်းတယ်။”

မေး - ရေမဆေးဆိုပြီးတော့ ဘယ်လို နာမည်ဖြစ်လာလဲ။

ဖြေ - “ရေမဆေးဆိုတဲ့ဟာ ဖြစ်လာတဲ့ပုံက ကျောက်စိမ်းက ရေနဲ့ ဆေးရတယ်ပေါ့။ သူ့ရဲ့ အသုံးပြုတဲ့ ပုံက ရေသေနတ်တို့နဲ့ ပစ်တယ်၊ အဆင့်ဆင့် ဖြတ်ရတယ်။ ချွတ်ရတယ်။ ကျောက်စိမ်းကို အထဲက ကွာလတီ ဘယ်လောက်အထိ ကောင်းတယ်၊ အရည်အသွေး ဘယ်လောက်အထိ ရှိတယ်ဆိုတဲ့ဟာ ပြန်ပြီးတော့မှ ရေဆေးပြီးတော့ပဲ ပြန်လုပ်ရတယ်။ အခု ဒီ ရေမဆေးသမားဆိုတာကတော့ ခုနကလို သွေးဖို့ ငွေလည်းမရှိ၊ ပိုက်ဆံလည်းမရှိဘူး။ ဒါကြောင့်မို့လို့ ကိုယ်ကောက်နေတဲ့ ကျောက်စိမ်းဟာ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာတောင် မသိဘဲနဲ့ ကျောက်စိမ်းအမျိုးအစား ဟုတ်ပြီ ကောက်တယ်ဆိုတာ ရေမဆေးဘဲနဲ့ ဒီအတိုင်း ခန့်မှန်းပြီးတော့မှ ဘယ်လောက်ပေးပါ။ ၁ ထောင်ပေးပါ။ ၁ သိန်းပေးပါ။ ၅ သောင်းပေးပါ။ အခု ကျနော်တို့ ထမင်းစားရတော့မယ်ဆိုတဲ့ အနေအထားနဲ့ ကျောက်ကို အချောဖြစ်အောင် လူတွေမြင်အောင် မလုပ်ဘဲနဲ့ ရွှံဗွက်နဲ့ ဖြစ်နေတဲ့ သဲမှာ ဒီအတိုင်းပဲ စွန့်ပစ်မြေစာပုံက ကောက်ပြီးတော့မှ ရေမဆေးဘဲနဲ့ ဒီအတိုင်းပဲ အရိုင်းတုံးကို ကောက်ယူ ရောင်းစားတဲ့အဖွဲ့ကို ရေမဆေးလို့ စတင်ခေါ်လာခြင်းဖြစ်တယ်။”

မေး - ဒီရွေးကောက်ပွဲကြီးမှာပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တော့ နောက်တက်မယ့် အစိုးရသစ်ကို ဖွဲ့ရမယ့်အခြေအနေ စိုက်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလိုမျိုး မြေပြိုမှုနဲ့ ပတ်သက်ပြီးတော့ပေါ့နော် သူတို့ တက်လာတဲ့အခါကျရင် ဒီလုပ်ငန်းမှာ ပိုပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒီလိုလုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်နေတာက စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့ ကော်မတီကြီးတွေပေါ့နော်။ သူတို့တွေအနေနဲ့ အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတဲ့အတွက်ကြောင့် နောက်တက်မယ့် အစိုးရသစ်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်နိုင်ဘူးလားရှင့်။

ဖြေ - “ဖြစ်နိုင်ပါတယ်။ ဒါတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်နဲ့ ဒီဥပဒေ အစိုးရက ဘယ်ဟာက အပေါ်မှာ ရှိတယ်ဆိုတဲ့ဟာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဥပဒေတွေ ရှိတာပေါ့နော်။ ဒါကြောင့်မို့လို့ အခက်အခဲတော့ တော်တော်များများ ရင်ဆိုင်ရလိမ့်မယ်လို့ ကျနော်က ဆက်ပြီးတော့မှ မြင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ဟာနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့ ဒီပြစ်မှုမှန်သမျှက အရပ်သားခုံရုံးမှာ စစ်ဆေးလို့ မရဘူး။ တပ်မတော် စစ်ခုံရုံးမှာပဲ လုပ်နေရတော့ ဘယ်လောက်ပဲ မှားမှားပေါ့ အရပ်သားခုံရုံးမှာ ဘာမှ လုပ်လို့မရတဲ့ အပိုင်းတွေရှိတော့ အခုလက်ရှိ သူတို့ စစ်တပ်အစိုးရဘက်က လုပ်ထားတဲ့ ကြံ့ခိုင်ရေးအစိုးရတောင်မှ ဘာမှ မလုပ်နိုင်ဘူးဆိုရင် ကျန်တဲ့ တခြား အတိုက်အခံလို့ပဲ ပြောရမှာပေါ့။ အဲဒီဘက်က လုပ်မယ်ဆိုရင် စစ်တပ်က ဘယ်လောက်အထိ ယုံကြည်လို့ရမယ်ဆိုတဲ့ဟာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီအပိုင်းကတော့ပေါ့နော်။ ကျနော် စိုးရိမ်တာက NLD ပဲ တက်လာလာ၊ ခရိုနီဂိုဏ်းကို အပြတ်သွင်းသွားမှာကိုလည်း စစ်တပ်နဲ့ ဆက်နွယ်နေတော့ တော်ရုံတန်ရုံနဲ့တော့ ကျနော်တို့က မလွယ်လှတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ဟာ ကျနော် မြင်တာပေါ့နော့်”

XS
SM
MD
LG