သုံးရလွယ်ကူစေသည့် Link များ

ဖားအံဆန္ဒပြသူတွေ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရ


လက်ပံတန်းမှာ ပင်မသပိတ်စစ်ကြောင်းဖြိုခွဲချိန် ဒဏ်ရာရကျောင်းသားတဦးကို သယ်ဆောင်လာစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)
လက်ပံတန်းမှာ ပင်မသပိတ်စစ်ကြောင်းဖြိုခွဲချိန် ဒဏ်ရာရကျောင်းသားတဦးကို သယ်ဆောင်လာစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)

အဖမ်းခံနေရတဲ့ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ပြန်လွှတ်ပေးရေးအတွက် ကရင်ပြည်နယ် ဖားအံမြို့မှာ စနေနေ့က တောင်းဆိုဆန္ဒပြသူတွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ တချို့ကို ခွင့်ပြုမိန့်မပါဘဲဆန္ဒပြမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စနေနေ့က ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဆန္ဒပြကြသူတွေထဲက သံဃာတော်နှစ်ပါးနဲ့ လူ (၁၁) ဦးကို ပုဒ်မ (၁၈) နဲ့ တရားစွဲပြီး တချို့ကို ဖားအံရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားပါတယ်။ ခွင့်ပြုမိန့်မရဘဲဆန္ဒပြလို့ဆိုပြီး ပုဒ်မ (၁၈) နဲ့ တရားစွဲ ထိန်းသိမ်းခဲ့တာဖြစ်ကြောင်း (၈၈) ကရင်မျိုးဆက်ကျောင်းသား အစည်းအရုံးက တာဝန်ရှိသူစောမောင်ကြီးက ပြောပါတယ်။

“မနေ့တုန်းကဆန္ဒပြတော့ ကျနော်တို့ ဖမ်းခံထိတာပေါ့နော်၊ အမှုရင်ဆိုင်ရတာ (၁၃) ယောက်ပါ။ ၁၁ ယောက်နဲ့ ဦးဇင်းနှစ်ပါး- အားလုံး ၁၃ ယောက် ဖြစ်တယ်။ ဆန္ဒဖော်ထုတ်ပွဲပြီးတာနဲ့ လူစုခွဲသွားတဲ့အချိန်မှာ ဖမ်းတာပါ။ လူလေးဦးနဲ့ ဦးဇင်းနှစ်ပါးက သံလွင်တံတားမှာ၊ ငါးဦးက …ကျေးရွာမှာပါ။ နှစ်ဦးကတော့ ကျနော်တို့အစည်းအရုံးက ရုံးမှာပါ။”

ရဲတွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးခဲ့တာကြောင့် မနေ့က သံလွင်တံတားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာတွေရှိကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့ တော်တော်ကြီးကို ရုတ်ရုတ်သဲသဲဖြစ်နေပါတယ်။ သံလွင်တံတားမှာ ရဲတွေချတာတို့၊ နောက် မြို့ထဲမှာလိုက်ပြီးတော့ ရဲတွေကော၊ အရပ်ဝတ်တွေကော၊ နောက်ပြီးတော့ ကရင်မျိုးဆက် ကျောင်းသားများအစည်းအရုံးက စောမောင်ကြီးရဲ့ရုံးရှေ့မှာဆို နေ့ကော၊ ညကော စောင့်ကြည့်တာပေါ့၊ အဲဒါမျိုးတွေ ရှိတယ်။”

၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအပါအဝင် ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက လယ်သမားအကျိုးဆောင်ကွန်ယက်က တာဝန်ရှိသူတွေ ဦးဆောင်ပြီး လယ်သမား၊ သံဃာနဲ့ဒေသခံတွေ စုဝေးပြီး အင်အား ၂၀၀ ကျော်၊ ၃၀၀ ခန့်နဲ့ ဖားအံမြို့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ဘာကြောင့် ဆန္ဒပြခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း အခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ မနေ့တုန်းက ပြတာ- ပထမဆိုရင်တော့ ကျောင်းသားထုကို ဝန်းရံရေးပေါ့နော်၊ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို အမြန်ဆံံံုံးပြန်လွှတ်ပေးဖို့ အတွက်ကို တောင်းဆိုတယ်။ နံပါတ် (၂) က ကျောင်းသားတွေကို အကြမ်းဖက်တာကို ကန့်ကွက်တယ်။ နံပါတ် (၃) ကတော့ ကျနော်တို့ …. အလုပ်သမားကြီးတွေပေါ့နော် - ရွှေပြည်သာအလုပ်သမားတို့ ဘာတို့ အကြမ်းဖက်တာကို အဲဒီအရေးတွေရယ်၊ နောက် လယ်သမားပေါ့နော်၊ သိမ်းဆည်းခံ လယ်ယာမြေအတွက် ပြန်လည်တောင်းဆိုကြတာပါ။”

ခွင့်ပြုမိန့်ကို မတ်လ ၁၆ ရက်နေ့ကတည်းက တောင်းခံခဲ့ပေမယ့် ခွင့်ပြုမိန့်မပေးတဲ့အတွက် ဒီအတိုင်း ဆန္ဒပြရတာဖြစ်တဲ့အကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့ ၁၆ ရက်နေ့မှာ ခွင့်ပြုမိန့်တင်ပါတယ်။ ၁၉ ရက်နေ့မှာ အကြောင်းပြန်ကြားတာက ကရင်ပြည်နယ်က အေးချမ်းတည်ငြိမ်နေပြီးတော့ အဲဒီအတွက် တည်ငြိမ်မှုကို ပျက်ပြားမှာစိုးလို့ ခွင့်ပြုမိန့် မပေးနိုင်ပါဘူး-ဆိုပြီး အကြောင်းပြန်ကြားလာပါတယ်။ ကျနော်တို့ကလည်း အဲဒီဥစ္စာကို ပြောပါတယ်။ ခွင့်ပြုမိန့်မရဘဲနဲ့ ကျနော်တို့ ဆန္ဒထုတ်ဖော်တာ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ခွင့်ပြုတယ်၊ ၂၀၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၊ ၂၀၁၂ …မှာဆိုလည်း …မရှိဘူးပေါ့နော်၊ အဲဒီဥစ္စာကိုလည်း ကျနော်တို့က ပြန်လည် ရှင်းပြထားပေးထားတယ်၊ သူတို့ကို။”

ကရင်ပြည်နယ်အတွင်းမှာ ကရင်တိုင်းရင်းသားတွေလည်း မြေသိမ်း၊ ယာသိမ်းခံနေကြရတဲ့အတွက် ဆန္ဒပြရာမှာ ပူးဖောင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြရာမှာတော့ မြေယာသိမ်းပိုက်မှုတွေကို ဖြေရှင်းပေးဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့- စတဲ့ အချက်တွေပါဝင်သလို ကျောင်းသားတွေကို ဝန်းရံကြဖို့ ဆိုတာတွေလည်း ခွင့်ပြုမိန့် မရပေမယ့်လည်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG