သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဒိုဒေးဗစ်ထောကွယ်လွန်မှု ဝန်ကြီးဦးအောင်မင်း နှမြော


နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။ (ဧပြီလ ၆ ရက်၊ ၂၀၁၂။)
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။ (ဧပြီလ ၆ ရက်၊ ၂၀၁၂။)
ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးတဲ့ နေရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်နေသူ တဦးလည်းဖြစ်တဲ့ ဖဒို စောဒေးဗစ်ထော ဟာ တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

ဖဒိုစောဒေးဗစ်ထော ဟာ မကြာသေးခင်က ဘားအံမြို့မှာ KNU နဲ့ မြန်မာအစိုးရတို့ အကြား နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်ဖို့ ကိစ္စအတွက် သွားရောက်ချိန်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့အတွက် ရန်ကုန်မြို့မှာ ဆေးကုသ ခံယူဖို့အတွက် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က စီစဉ်ခဲ့တာပါ။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကတော့ ဖဒိုစောဒေးဗစ်ထော ဟာ အစိုးရနဲ့ KNU တို့အကြား ငြိမ်းချမ်းရေးကို စတင်လုပ်ဆောင်ခဲ့သူတဦး အဖြစ် မြင်ပါတယ်။

“ဒီငြိမ်းချမ်းရေးကို စခဲ့တာကတော့ တကယ်တော့ ဗျာ၊ အဲဒီမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ရယ်၊ ဦးအားတိုးရယ်၊ ဖဒိုစော ဒေးဗစ်ထောရယ်၊ သူတို့ ၃ ယောက်နဲ့ ကျနော်တို့ စပြီးတော့ ကျနော်တို့ က ဆွေးနွေးတာပေါ့ ခင်ဗျာ။ အဲဒီ ဆွေးနွေးတာကနေ ဒီလောက်အထိ အသီး အပွင့်တွေ ဖြစ်လာ ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးကို စခဲ့တဲ့ ခေါင်းဆောင်တယောက် အနေနဲ့လည်း ကျနော်က မြင်ပါတယ် ခင်ဗျာ။”

ငြိမ်းချမ်းရေးတင်းပြည့် ကျပ်ပြည့် ရရှိတဲ့အချိန် မရောက်သေးခင် ကွယ်လွန်သွားတဲ့ အတွက် စိတ်ထိခိုက်မှု ဖြစ်ရတယ်လို့ ပြောပါတယ်။

“ဟို. . . အရမ်းနှေမြောတာပေါ့ ခင်ဗျာ။ ငြိမ်းချမ်းရေးက ရောင်နီတွေ သန်းနေပြီ။ မကြာခင်မှာ ငြိမ်းချမ်းရေး အလင်းရောင် ရတော့မယ်။ အဲဒီအချိန်လေးမှာ ဒီလိုဆုံးပါးသွားတော့ ဗျာ၊ နောက်ဆုံး အချိန်အထိ မတွေ့လိုက်ရတာကိုပဲ၊ နှမြောတာပေါ့ခင်ဗျာ။”

ကွယ်လွန်သွားပြီး ညတွင်းချင်းပဲ ဖဒိုစောဒေးဗစ်ထော ရဲ့ ရုပ်အလောင်းကို ကရင်ပြည်နယ်ကို ပို့ဆောင်ပေးဖို့ စီစဉ်ပေးခဲ့ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကရင်အသိုင်းဝိုင်းက လူကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ စောစိုင်မွန်သာ၊ ဗိုလ်မှူးကြီး စောထွန်းအောင်မြင့် တို့လည်း ပို့ဆောင်ရာမှာ လိုက်ပါသွားကြတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ ဖဒိုဒေးဗစ်ထောရဲ့ အနီးမှာ သား သမီး မြေး စတဲ့ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေကြပြီး၊ ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သလို တပ်မတော်သားတွေ ကျဆုံးတဲ့ အခါ နှုတ်ဆက်လေ့ရှိတဲ့အတိုင်း အလေးပြု နှုတ်ဆက် ခဲ့ကြကြောင်း ဦးအောင်မင်းက ပြောပါတယ်။

KNU ခေါင်းဆောင်တယောက်ကို စစ်ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဂရုစိုက်ကြပ်မတ် ကုသမှုပေးခဲ့တာဟာ နှစ်ဘက်အကြားမှာ တန်းတူညီမျှ သဘောထားပြီး အလေးထား လုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဗွီအိုအေ ကို ပြောဆိုပါတယ်။

အခုလို ဖဒိုစောဒေးဗစ်ထော ကွယ်လွန်သွားပေမဲ့ ငြိမ်းချမ်းရေး အတွက် ကျန်သူတွေက လက်ဆင့်ကမ်းလုပ်ဆောင် သွားကြရမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“ဘာမှ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လည်း အခု ဗဟိုကော်မတီတွေ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အတွက် သူတို့ ထပ်ပြီးတော့ ဟိုမှာ ဆွေးနွေးနေကြပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ဒီငြိမ်းချမ်းရေး အလံတော်ကြီးကို ဦးဒေးဗစ်ထော ကနေ နောက် တယောက် ကိုပေး၊ နောက်တယောက်က ဒါကြီး ဆက်သယ်။ ငြိမ်းချမ်းရေး မဖြစ်မချင်း ထာဝရ ငြိမ်းချမ်းရေး မရောက်မချင်း ဒါ ဆက်လုပ်ရမှာပါပဲ။ တယောက်ကျဆုံးသွားလို့ ဒါ ဥစ္စာကြီး မဖြစ်ဘူးဆိုတာ မဖြစ်ပါ ဘူးဗျာ။ အားလုံးက ကျန်တဲ့လူမှာ တာဝန်ရှိပါတယ်။ တယောက် တလှည့် ဆက်သွယ်ရမှာပဲ ဖြစ်ပါ တယ် ခင်ဗျာ။”

ဖဒိုစောဒေးဗစ်ထောကို KNU တပ်မဟာ (၇) နယ်မြေအတွင်းမှာ ရှိတဲ့ အစဉ်အလာအရ ကရင်ခေါင်းဆောင်တွေကို မြှုပ်နှံတဲ့နေရာမှာ ဈာပန အခမ်းအနား ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG