သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲမစဲတဲ့ ဖားကန့်ဒေသ စီးပွားရေးနစ်နာ


သီတင်း သုံးပတ်လောက်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေ မစနိုင်ဘဲ ဖြစ်နေရပါတယ်။ ကားခတွေလည်း နှစ်ဆနီးပါး ဈေးတက်သွားပြီး ဖားကန့်ဒေသဘက်ကို လာတဲ့ ကုန်သည်တွေ မရှိသလောက်ကို ဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပြပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် ချောင်းရေကြီးပြီး တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ဟာလည်း ရေကြီးမှုကြောင့် ကုန်းမြင့်ပိုင်းတွေကို ထပ်မံ ပြောင်းရွှေ့ ခဲ့ကြရပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်မှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေဟာ ရပ်နားတဲ့နေ့မရှိဘဲ အနည်းဆုံး တရက် ကို တကြိမ်ကတော့ ဖြစ်ပွားနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ လူထုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ သေနတ်သံ လက်နက်ကြီးသံတွေကို မကြာခဏ ကြားရနေပြီး ထွက်ပြေးဖို့ရာ အတွက် အမြဲတမ်း အဆင်သင့် ပြင်ထားရတယ်လို့ ဖားကန့်ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီမှာကျတော့ တောင်ကုန်းတွေ များတာပေါ့။ နီးနီးနားနားပဲ ဘာမှမဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ရောက်တဲ့နေရာလေးတွေပေ့ါ။ ဒီမှာ လက်နက်ကြီးသံတွေ အတိုင်းသား ကြားရတယ်။ တုန်ခါမှုတွေ ဘာတွေ ဖြစ်တာကိုး။ ညဆိုလည်း မီးစလေးတွေကို မြင်ရတယ်။ မိန်းလားဆိုလည်း ၈ နာရီကျော် ကွာပေမဲ့ လက်နက်ကြီးသံ ကြားနေရပြီး ကျမတို့ဆီမှာကို။ ကျမတို့တွေ ကျီးလန့်စာ စားနေရတာပေါ့။ အဆင်သင့်တော့ ပြင်ထားရတာပေါ့။ စစ်ဖြစ်ရင်တော့ ဘယ်လိုပြေးမယ်၊ ရှောင်မယ် ဆိုတာမျိုးတော့ ရှိတာပေါ့။ ရှိတာတွေ စုဆောင်းပြီး နေနေရတာပေါ့။”

အခုလို ဖားကန့်ဒေသက တိုက်ပွဲတွေကြောင့် အောက်မြန်မာပြည်ကနေ ဖားကန့်ဘက်ကို လာရောက်ကြတဲ့ ကုန်သည်တွေ မရှိသလောက် နည်းသွားပြီး အရောင်းအဝယ်တွေလည်း အေးစက်ကုန်ပါတယ်။ မကြာခင် ပွင့်လင်းရာသီ ရောက်တော့မှာမို့ အခါတိုင်းနှစ်တွေမှာ ဒီအချိန်ဆို လုပ်ငန်းတွေ စဖို့ ပြင်ဆင်ကုန်ကြပြီလို့လည်း ဒေသခံတွေ က ပြောပြပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကုန်သည်တွေရော၊ ကုမ္ပဏီတွေပါ လုပ်ငန်းတွေ မစနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဒေသမှာ တိုက်ပွဲတွေ စဖြစ်ခဲ့ကတည်းက အခုထိ ခရီးသည်တင် ကားခတွေလည်း ၂ ဆနီးပါး ဈေးတက်သွားတယ်လို့ ဖားကန့်ဒေသခံက ဆက်ပြောပြပါတယ်။

“ကားခတက်တာ ကတော့ ဒီမှာ စစ်ဖြစ်ကတည်းကနေ ဈေးတက်သွားတာပဲ။ တစ်ယောက်ကို ငါးသောင်း၊ ခြောက်သောင်း အဲဒီလိုမျိုးတွေ တက်သွားတယ်။ နှစ်ဆနီးပါး ပြောရမှာပေါ့။ အရင်တုန်းကဆိုရင် တစ်သောင်း နှစ်သောင်းခွဲပဲ ရှိတာလေ ကားခက။ အလွန်ဆုံးမှ သုံးသောင်းပဲ ရှိတာ။ အခုက ငါးသောင်း၊ အဲဒီလိုမျိုးတွေ ဖြစ်သွားတော့ လူတွေကတော့ အရမ်းကိုပါးတယ် ဒီမှာ။ မိုးကောင်းကားတို့၊ မြစ်ကြီးနားကားတို့ အတက်ဆို လူတစ်ယောက်မှ မပါဘဲ တက်ကြတာ။ အဆင်းမှ လူတင်လို့ရတာ။ အတက်ကို လူမရှိဘူး။ လေးလပိုင်းဆို အကုန်လုံး လုပ်ငန်းသစ်တွေ ပြန်လာကြပြီလေ။ ကုန်သည်တွေ၊ ကုန်ပစ္စည်းတွေ လာကြပြုကြ လုပ်လာတဲ့အချိန်ပေါ့။ ဒီမှာ စစ်ဖြစ်နေရင်တော့ နိုင်ငံရေး အခြေအနေ မကောင်းရင်တော့ ဘယ်သူမှ မလာနိုင်ဘူးပေါ့။ ကုန်သည်တွေလည်း ပရုပ်လုံး လိုပဲ လုံးပါး ပါးကုန်ပြီ။ ဈေးရောင်းမကောင်းလို့ အကုန်လုံး။ စားဖို့သောက်ဖို့ကနေ ဘယ်သူမှ တခြားဟာကို ဦးစားမပေးနိုင်ဘူး။ အားလုံးက ဆင်းမယ်ဆင်းမယ်၊ ဆင်းဖို့ပဲ ဖြစ်နေကြတော့။”

ဒီလို တိုက်ပွဲဒဏ်ရော၊ စီးပွားရေး နှေးကွေးတဲ့ဒဏ်ပါ ဒေသခံတွေ ကြုံတွေ့နေရချိန် မှာပဲ နောက်ထပ် ချောင်းရေကြီးမှု ပြဿနာပါ ထပ်မံ ရင်ဆိုင်နေကြရပါတယ်။ အခုရက်ပိုင်း ဖားကန့်ဒေသ တဝိုက်မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ လျှံပြီး မြေနိမ့်ပိုင်းက အိမ်တချို့ ရေမြှုပ်ခဲ့ရပါတယ်။ အဲ့ဒီမြေနိမ့်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ချောင်းရေ ကြီးတယ်လေ။ ချောင်းရေ ကြီးတဲ့အခါကျတော့ ကျမတို့ ဖားကန့်ဘက်က ခရစ်ယာန် နှစ်ခြင်းကျောင်းက အောက်က နည်းနည်းနိမ့်တယ်။ နိမ့်တဲ့အခါကျတော့ ဒီချောင်းရေ တက်တဲ့အခါကျတော့ လူတွေက အိပ်မယ့်နေရာ မရှိတော့ဘူး ဖြစ်ရတာပေါ့။ အရမ်းဒုက္ခရောက်တာပေါ့။ အိပ်ယာရွှေ့တာကအစ ကလေးတွေက ငိုတာနဲ့ ရယ်တာနဲ့၊ အဲဒီလိုမျိုးပေါ့။ ဆူညံပေါ့။ ကလေးငယ်တွေနဲ့ ဆိုတော့ အိပ်ယာရွှေ့တာကိုက အရမ်းခက်တာကိုး။”

အခုဆိုရင် ဖားကန့်ဒေသမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၁ သောင်းကျော် ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း မိုးညှင်းမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ရထားလမ်း ထိခိုက် ပျက်ဆီးသွားပြီး မီးရထားခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပါသေးတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ပြေးကြရတဲ့ ဒုက္ခသည်ဦးရေဟာ ၁ သိန်းလောက်ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။

၁ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေ ရပ်စဲရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမဲ့ အခုထိ ပြေလည်မှု မရသေးပါဘူး။
XS
SM
MD
LG