သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ပြည်နယ်ဝန်ကြီးသုံးဦးနဲ့ အမတ်တဦး ရောက်ရှိစဉ် ဗုံးသုံးလုံးပေါက်ကွဲ


ဖားကန့်မြို့နယ်တွင်း ပြည်နယ်ဝန်ကြီးများအဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေးစဉ် (Photo by U Cho's fb)
ဖားကန့်မြို့နယ်တွင်း ပြည်နယ်ဝန်ကြီးများအဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေးစဉ် (Photo by U Cho's fb)

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်က ရဲစခန်းရဲ့ အနောက်ဘက်လမ်းမှာ ဗုဒ္ဓဟူးနေ့ညက ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရက ဝန်ကြီး ၃ ဦးနဲ့ ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ်တို့ ရောက်နေ ချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်တဲ့ အတွက် လုံခြုံရေးအရ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာရှိတဲ့ မြင့်မိုရ် လဘက်ရည်ဆိုင်အနီး၊ ရဲစခန်းရဲ့ အနောက်ဘက်လမ်းမှာ ည ၁၁ နာရီလောက်က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။

ကချင်ပြည်နယ် အစိုးရဝန်ကြီး (၃) ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ ရောက်နေချိန်မှာ အခုလို ပေါက်ကွဲမှုဖြစ်သွားတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) က NLD အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်၊ လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကော်မီတီဝင်လည်းဖြစ်တဲ့ ဦးခင်မောင်မြင့်က ပြောပါတယ်။

“အဲလို ရောက်နေတဲ့အချိန်မှာ ကျနော်လည်း သယံဇာတအမျိုးသားလွှတ်တော်က ကော်မတီဝင်ဆိုတော့ ကျနော်လည်း ဦးဆောင်ပြီးမှ ခေါ်လာတာပေ့ါ။ ဒီလို မိုင်းတွေခွဲ၊ ဘာတွေခွဲဆိုတာ နောက်ကွယ်မှာ ဘာတွေရှိသလဲဆိုတာ ကျနော်တို့ကိုပဲ ခြိမ်းခြောက်နေ တာလား၊ နောက်ကွယ်မှာ သူတို့အချင်းချင်း ဖြစ်လို့လား၊ သို့တည်းမဟုတ် ဘာကြောင့်လဲ ဆိုတာ အကြောင်းတခုခုတော့ ဖြစ်လာပြီဆိုတာ ကျနော်တို့ သိနေပြီ။ ဒါ ကျနော်တို့ အစိုးရကိုလည်း များစွာထိခိုက်ပါတယ်။”

အခုဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုအတွက် အသေးစိတ် သိရှိနိုင်ဖို့ ဖားကန့် ရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအနီးဝန်းကျင်မှာ မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား မကြာခနဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒေသ လည်း ဖြစ်ပါတယ်။ အခု ဗုံးပေါက်ကွဲမှု ဖြစ်သွားတဲ့ ဗုဒ္ဓဟူးနေ့မှာဘဲ အောင်ဘာလေအနီး မှာ မြန်မာ့ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဖားကန့် ကျောက်စိမ်းမြေကို သွားရခြင်း ရည်ရွယ်နဲ့ ပတ်သက်ပြီးတော့လည်း ဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။

“သွားရခြင်းရည်ရွယ်ချက်က သယံဇာတဝန်ကြီးရယ်၊ နောက်ပြီး ဗမာတိုင်းရင်းသားဝန်ကြီး ကလည်း သူက သယံဇာတဘက်ကို သူတို့က နယ်မြေနဲ့ ခွဲထား ပေးတာဆိုတော့ သူတို့ ကတော့ ကချင်ပြည်နယ်တခုလုံးမှာ ရွေးကောက်တင်မြှောက်ထားတဲ့လူဆိုတော့ မြို့နယ် အားလုံး ပါတယ်ဆိုတော့ သူတို့ကို ဖားကန့်ထဲမှာ ထည့်ထားပေးတော့ သူကလည်း ဗမာ တိုင်းရင်းသားဝန်ကြီးကလည်း ဖားကန့်ဘက် လာရတာပေါ့ ဗျာ။ နောက် လီဆူကလည်း သူ့ ငါးမြို့နယ်ထဲမှာ တမြို့နယ်ကို ဖားကန့်ကိုပေးထားတော့ သူလည်းပါတော့ လာရ တာပေါ့ဗျာ။ အဓိက-က တော့ ကျနော်တို့က ဒီမှာက တိုင်စာတွေပေါ့ဗျာ-တိုင်စာတွေ ဆိုတာက ရေကျော်ထုတ်တာတို့၊ ယမ်းကို အလွန်အကျွံ ဖောက်ခွဲတာတို့ နောက်ပြီးတော့မှ ကုမ္ပဏီက တိုင်တာလည်းရှိတယ်၊ ရေမဆေး ပြဿနာတို့၊ နောက်ပြီးတော့ လုပ်ကွက်တွေ သက်တမ်းကုန်သွားတာကို ဆက်တူးနေလား၊ မတူးနေဘူးလား၊ နောက် ယန္တယားတွေက ကျနော်တို့ သတ်မှတ် ထားတာထက်ပိုပြီးမှ လုပ်နေလား၊ မလုပ်နေဘူးလား၊ အခု ကျနော် တို့ ကြားတာတောင်မှ ယန္တယားတွေက ပုန်းလျှိုးထားကြတာ။ အဲလိုလည်း ကြားကြ တာပေါ့။ တိုင်စာတွေကိုလာပြီးတော့မှ ကျနော်တို့ အဖွဲ့တွေ ပူးပေါင်းပြီးတော့မှ လာပြီး ဖြေရှင်းတဲ့သဘောပဲဗျ။ ဌာနဆိုင်ရာတွေ အားလုံးကို ခေါ်ပြီးတော့မှ တခါတည်း ချက်ခြင်း-ချက်ခြင်း ဥပမာ ရေကျော်ဆို ရေကျော် ဘယ်လိုလဲ၊ သဘောတူညီချက် ဘယ်လိုရှိသလဲ။ အောက်ခြေက ဘယ်လိုရှိသလဲ အကုန်လုံးကျနော်တို့က ပြုလုပ်သွားကြတာပေါ့ဗျာ။”

ဖားကန့်ဒေသတခုလုံးရဲ့ လုံခြုံရေးအပါအဝင် အုပ်ချုပ်ရေးပိုင်းအထိ စစ်တပ်က ပါဝင်ပြီး တင်းကြပ်စွာ ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

“တပ်ကလွှမ်းမိုးမှု အများကြီးရှိတယ်။ နေရာတကာမှာ တပ်ကနေပြီးတော့မှ ဘယ်လို ခေါ် မလဲ ဆိုတော့ ကချင်ပြည်နယ်မှာ စစ်ပွဲဖြစ်နေတဲ့အတွက် မငြိမ်းချမ်းတဲ့အတွက် စစ်အစိုးရ လက်အောက်မှာပဲနေရသလို ဖြစ်နေတဲ့အတွက် ကျနော်တို့က တော်တော်လေးကို ခံစားနေရတယ်။ ဒီမှာလည်း လုပ်ငန်းကြီးတွေအတွက် လုပ်နေတဲ့ဟာတွေကို ကျနော်တို့ လာရောက်စစ်ဆေးတယ်။ အဲဒါတွေကိုပဲ တပ်ရဲ့ပါဝင်မှုနဲ့ ဖားကန့်မှာ နေရာတကာ မြို့အုပ်ချုပ်ရေးမှာကို တပ်မမှူးကိုယ်တိုင်က ပါဝင်နေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ အတော်လေး ခံစားနေရတယ်။ ဂိတ်တွေကလည်း မြစ်ကြီးနားကနေ ဖားကန့်ကို လာမယ်ဆိုရင် ငါးခု ခြောက်ခုလောက်ကို ရှိနေတယ်။ အဲဒီတော့ အရမ်းကို ခက်ခဲနေ တယ်။ ဒါတွေကို ဖြေလျှော့အောင်လို့ ကျနော်တို့က ညှိညှိနှိုင်းနှိုင်းနဲ့ ဒီမှာလာပြီးတော့မှ တိုင်းရင်းသားဝန်ကြီးတွေဖြစ်တဲ့ ဦးတီးခေါ် ဦးခင်မောင်မြင့်၊ လီဆူတိုင်းရင်းသား ဦးအားတီရောဟန်၊ နောက်ပြီး သယံဇာတနဲ့ပတ်သက်ပြီးတော့မှ ပြည်နယ်ရဲ့ဝန်ကြီး ဦး H-လှအောင် လည်း ရောက်နေပါတယ်။”

ဒီကနေ့ ကြာသပတေးနေ့မှာတော့ ဖားကန့်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံပြီး အခုရောက်နေတဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ကောက်သူတွေနဲ့ ကျောက်တွင်းပိုင်ရှင် ကုမ္ပဏီတွေအကြား မကြာခင် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိတာမှာ ပစ်ခတ် သတ်ဖြတ်မှုတွေလည်း အကြိမ်ကြိမ် ဖြစ်ဖူးတဲ့အတွက် အသက် ဆုံးရှုံးမှုတွေလည်း မကြာခန ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းတူးရာက ထွက်လာတဲ့ မြေရိုင်း တောင်ကုန်းတွေပေါ်မှာ ကျောက်တွေ လိုက်ကောက်ကြတာကြောင့် တောင်တွေ မကြာခနပြိုပြီး ရေမဆေးကျောက် ကောက်သူတွေ မြေပိပြီး မကြာခန သေဆုံးမှုတွေလည်း ဖြစ်ပေါ်လေ့ရှိပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG