သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေစာသယ်ကားတွေကို ဖားကန့်ဒေသခံတွေ လမ်းပိတ် ဆန္ဒပြ


ဖားကန့်ဒေသမှာ မြေစာသယ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ဆန္ဒပြနေစဉ်။ ဓါတ်ပုံ- ဇော်မိုးထက်
ဖားကန့်ဒေသမှာ မြေစာသယ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ဆန္ဒပြနေစဉ်။ ဓါတ်ပုံ- ဇော်မိုးထက်

ဖားကန့်ဒေသမှာ ရာနဲ့ချီတဲ့ဒေသခံတွေက မြေစာသယ်ကားတွေကို ရပ်ရွာအတွင်းက ဖြတ်သန်း မသွားဖို့အတွက် လမ်းပိတ်ဆို့ဆန္ဒပြနေပါတယ်။ ဒီလို ဆန္ဒပြတာကတော့မြေစာသယ်ကားတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်တာနဲ့ မြေစာတွေကို စည်းကမ်းမဲ့စွန့်ပစ်လု့ိ ချောင်းမြောင်းတွေ ပိတ်ဆို့ပြီး လာမယ့် မိုးရာသီမှာ ရေလွှမ်းမိုးနိုင်တာကြောင့်လို့ ပြောပါတယ်။
ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီလ ၁၀ရက်နေ့က ဖားကန့်ဒေသရှိ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူ ၃၀၀လောက် အစည်းအဝေးကျင်းပပြီး ရရှိလာတဲ့ ဆုံးဖြတ်ချက်အရ ဒီကနေ့မနက်မှာ ဖားကန့်မြို့နယ် ဆိုင်းတောင်နဲ့ လုံးခင်းဒေသဖက်မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒုပြကြတာဖြစ်ပါတယ်။
လောလောဆည် ဆန္ဒပြနေတဲ့အခြေအနေကို ဆန္ဒပြရာမှာ ပါဝင်သူ ဆိုင်းတောင်ဒေသခံ တဦးက အခုလို ပြောပါတယ်။

”မြေစာသယ်တဲ့ ကားလမ်းကြောကို ပိတ်တာပါ။ နှစ်နေရာပိတ်တယ်။ ဆိုင်းတောင်ရယ် လုံးခင်းဘက်ရယ်။ ညှိနှိုင်းဖို့ သူတို့ လာလိမ့်မယ်။ ကျွန်တော်တို့က ဆက်ပိတ်ဆို့သွားမှာပဲ။”

အခြား ဖားကန့်ဒေသခံ တဦးကတော့ ဆိုင်းတောင်မှာ လူ ၃၀၀လောက် ဆန္ဒပြရာမှာ ပါဝင်သလို လုံးခင်းဖက်မှာလည်း လူ၂၀၀ကျော်လောက် ရှိကြောင်း ပြောပါတယ်။
” မနက်ပိုင်းက လူပေါင်း ၃၀၀လောက်ရှိတယ်။ လုံးခင်းဘာက်မှာကော ဟုတ်တယ်။ လုပ်တယ် လုံးခင်း ဘက်မှာကောပဲ။ လုံးခင်းဘက်ကတော့ ခုန ဖုန်းဆက်လာတယ်။ ၂၀၀၊ ၃၀၀လောက်ရှိတယ် ပြောတာပဲ။ လုံးခင်းဘက်မှာ နှစ်နေရာလုပ်တယ် ပြောတာပဲ။”

ဒေသခံ အာဏာပိုင်တွေ လာရောက်ဆွေးနွေးရင် အဓိက အချက် ၃ချက်အပေါ် အခြေခံပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ တဦးက ပြောပါတယ်။
”ဆွေးနွေးဖို့ အချက်သုံးချက်ရှိတယ်။ သုံးချက်ကတော့ နိုင်ငံတော်နဲ့ အကျိုးတူ ဝင်လာပြီး နောက်ပိုင်းမှာ ဒီဖားကန့် ဒေသမှာ ဘာတွေ နစ်နာ ဆုံးရှုံး ထိခိုက်မှု ဖြစ်သွားသလဲပေါ့။ နောက်တစ်ချက်က ပြည်သူတွေ သွားတဲ့ လမ်းပေါ်မှာ ကားတွေက ဘာကြောင့်မို့ ဖြတ်ပြီးတော့ ဘာကြောင့်မို့ အသက်အန္တရာယ် မလွတ်မလပ် သွားနေရတဲ့ ကိစ္စ။ နောက်ဆုံးအချက် စွန့်ပစ်မြေစာပုံကို မိုးတွင်းမှာ ဆိုးဆိုးဝါးဝါး ခံစားရမှာက ဥရုချောင်းက တစ်နှစ်ကို သုံးပေ သုံးပေလောက် မြင့်တက်နေတဲ့ အချိန်မှာ အခု ဒီမြေစာပုံနဲ့ မဆင်မခြင် အဲလို လုပ်တဲ့အတွက် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းပေးမလဲ။ ဖြစ်လာရင် ဘယ်သူ တာဝန်ယူမလဲ။ ဘယ်လိုတာဝန်ယူမလဲ ဒီကိစ္စတွေကို ကျွန်တော်တို့ ညှိနှိုင်းမှာ။”

ဖားကန့်ဒေသအတွင်း မိုင်းအသုံးပြုပြီး ကျောက်စိမ်းတူးဖော်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်ဆီးရတာကိုလည်း ထည့်သွင်းဆွေးနွေးဖို့
ရှိကြောင်းလည်း ပြောပါတယ်။
လက်ရှိ ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။


ဖားကန့်ဒေသအတွင်းမှာ ဒီနှစ်ပွင့်လင်းရာသီမှာ ယာဉ်ယန္တရားကြီးတွေကို အများအပြားသုံးပြီး တူးဖော်ခဲ့တဲ့နောက်မြေသယ်ကားတွေ ရွာလမ်းမတွေ ဖြတ်သန်းချိန်မှာ ယာဉ်တိုက်မှုဖြစ်တာ၊ မြေစာပုံပြိုကျ တာကြောင့် လူသေဆုံးတာတွေ မကြာခနဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြို ကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ အတော်များများ မြေပိသေဆုံးခဲ့ပါတယ်။ ဒီလို သေဆုံးသူတွေကို ပြန်လည်တူးဖော်ရှာဖွေရာမှာ အလောင်း ၁၁၄ လောင်းတူးဖော်ရရှိခဲ့ပေမဲ့ ဒေသခံတွေ့ တော့ လူ ၂၀၀လောက် သေဆုံးနိုင်ကောင်း ခန့်မှန်းခဲ့ပါတယ်။

အဲဒီနောက် ယန္တရားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်းအလွန် အကျွံ တူးဖော်တာကို ဝေဖန် ကန့်ကွက်ခဲ့ကြတဲ့နောက် အစိုးရက လာရောက် စစ်ဆေးကြပ်မတ်တာတွေ ရှိခဲ့ပေမဲ့ ဒီကနေ့ အထိတော့ ကျောက်စိမ်း အလွန်အကျွံတူးဖော်တာတွေဟာ ရပ်တန့် မသွားသေးပါဘူး။

XS
SM
MD
LG