သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံးခင်း တိုက်ခိုက်မှုအပြီး စစ်တပ်က လုံခြုံရေးယူ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ရာချီတဲ့လူအုပ်စုနဲ့ ယာယီ ဗလီ ဝတ်ပြု ကျောင်း အဆောက်အဦး မနေ့ သောကြာနေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီး ခံရတဲ့ပြီးတဲ့ နောက်မှာတော့ ဒီကနေ့မှာ လုံးခင်းကျေးရွာနဲ့ အခင်းဖြစ်တဲ့ နေရာကို စစ်တပ်ဘက်က လုံခြုံရေး အပြည့် ယူထားလိုက်ပြီ ဖြစ်တယ် လို့ ဒေသခံ သတင်းသမားက ပြောပါတယ်။

ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က လုံခြုံရေး ယူထား လိုက်ပြီ ဖြစ်တဲ့အတွက် နယ်မြေတွင်း ပဋိပက္ခတွေ ပြန်လည် ငြိမ်သက်သွားပြီး တင်းမာမှုတွေ လောလောဆယ် လျော့နည်း သွားပြီ ဖြစ်ပေမဲ့လို့ လုံခြုံရေး စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထား ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ လယ်ပြင် ကျေးရွာက ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားရာကနေ မနေ့သောကြာနေ့ ညနေ ၄ နာရီ ဝန်းကျင် လောက်မှာတော့ လူအုပ်စု အင်အား ၅၀၀လောက် စုဝေးပြီး အဲ့ဒီ လုံးခင်းကျေးရွာမှာရှိတဲ့ ဗလီ ဝတ်ပြုကျောင်းကို မီးရှို့ဖျက်ဆီး ပစ်လိုက်ကြတာ ဖြစ်ပါတယ်။

ဗလီဝတ်ပြုကျောင်း လုံးခင်းကျေးရွာထဲမှာ ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး မကျေနပ်ချက် တင်းမာမှုတွေဖြစ်နေချိန်မှာပဲ အခုလို လူအင်အားနဲ့ ဖျက်ဆီးမှုဖြစ်ခဲ့တာပါ။

ဖြစ်ပွားချိန်မှာ ရဲလုံခြုံရေးတွေ ရှိခဲ့ပေမဲ့လို့ လုံခြုံရေး အားနည်းခဲ့တဲ့အတွက် ထိရောက်တဲ့ ဟန့်တား ကာကွယ်မှု မပေးနိုင်ခဲ့ပဲ ဖြစ်ခဲ့တာပါ။ ဒီကနေ့ စနေနေ့မှာတော့ ဖားကန့် လုံးခင်းဘက်မှာ စစ်တပ်ဘက်က လုံခြုံရေး အပြည့် ယူထား ပေးတာတွေ့ရတယ်လို့ အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့တဲ့ ဒေသခံ သတင်းထောက် ဦးဇော်မိုးထက်က အခုလို ပြောပါတယ်။

“ လုံးခင်းရွာနဲ့ အဲဒီနေရာက ချောင်းပဲ ခြားတာပေါ့။ လက်ရှိ တံတားဆောက်နေတဲ့ အရှေ့ရဲ့ ဒီဘက် ကမ်းပေါ့။ ဒီအတိုင်း ဝင်ဖျက်ပြီးတော့၊ ဖျက်ပြီးသားဟာတွေကို မီးရှို့သွားတာပေါ့။ လက်ရှိ ဒီနေ့ အခြေအနေကတော့ စစ်တပ် နဲကလဲ နီးတော့ စစ်တပ်ကလဲ လုံခြုံရေး ယူထားပေးတာ ရှိတယ်။ လူအသေအပျောက်တွေ၊ ခိုက်ရန် ဒေါသ ဖြစ်တာတွေ၊ ရိုက်တာတွေ ပုတ်တာတွေတော့ ဘာမှ မရှိသေးဘူး။ ”

မနေ့သောကြာနေ့က ဗလီကျောင်းကို မီးရှို့နေတဲ့အချိန် ဒေသခံ လုံးခင်း ရဲတပ်ဖွဲ့ဘက်က ကြိုးစား တားမြစ် ခဲ့ပေမယ့် မီးရှို့ဖို့ လာတဲ့ လူအုပ်ကြီးတွေ များတဲ့အတွက် ရဲတွေအနေနဲ့ အခြေအနေ မထိန်းနိုင်တော့ပဲ အခုလို မီးရှို့ဖျက်ဆီး ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

စနေနေ့မှာတော့ ဖြစ်ပွားခဲ့တဲ့နေရာမှာ စစ်တပ်ဘက်က လုံခြုံရေး ယူထားပေမဲ့လို့ ဒေသခံတွေကတော့ လုံခြုံရေးစိုးရိမ်နေဆဲ ဖြစ်တယ်လို့လည်း ဦးဇော်မိုးထက်ကပြောပါတယ်။ အခုအချိန်ထိ ကတော့ ဗလီယာယီ ဝတ်ပြုကျောင်း ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး လုံခြုံရေး ယူထားပေမဲ့ ဖျက်ဆီးခဲ့သူတွေကို အရေးယူ ဆောင်ရွက်မှု တွေကိုတော့ မရှိသေးဘူးလို့လည်း သူကဆိုပါတယ်။

“အဓိကကတော့ ဒီလို ကိစ္စမျိုးမှာ ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်မယ်လို့ ထင်တယ်။ ဒီမှာရှိတဲ့ ဌာနဆိုင်ရာ အသိုင်းအဝိုင်း၊ စစ်တပ်နဲ့ ရဲတွေ အားလုံးအပါအဝင်ပေါ့ လုံခြုံရေးက ပြောလို့ရှိရင် ထဲထဲဝင်ဝင် လုပ်ပေးတာ မရှိဘူး။ ကိုယ်လွတ်ရုန်းကြတာ များတယ်။ ဗလီဖျက်တဲ့ ကိစ္စမှာက လုံခြုံရေးက အထူးကြပ်မတ်ပေးလို့ ရတယ်။ နောက်ပြီးတော့ ဒီမှာက ပျံကျ ရွေ့ပြောင်း လုပ်သား တွေက များတော့ သူမသိ၊ ငါမသိ အဲဒီလို အနေအထားမှာ လုံခြုံရေးက ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်ပေးသင့်တယ်လို့ အဲဒီလိုပဲ ယူဆတယ်ခင်ဗျ။”

မေး ။ “ ကိုဇော်မိုးထက်လဲ အဲဒီကို သွားခဲ့တာဆိုတော့ အဲဒီမှာ လက်ရှိ လုံခြုံရေး ယူထားတဲ့ အခြေအနေကို ပြောပြပေးပါဦး။”

“အဲဒီနေရာနဲ့ စစ်တပ်နဲ့က အလွန်မဝေးဘူးဗျ။ စစ်တပ်နဲ့ လက်ရှိဖြစ်သွား တဲ့ နေရာနဲ့က ဘုရားကုန်းလေး တစ်ခုပဲ ခြားတယ်။ နီးနီးလေးပဲ။ နောက်ပြီးတော့ လုံးခင်း ရဲကင်းနဲ့လည်း အရမ် မဝေးဘူး။ လက်ရှိကတော့ စစ်တပ်မှပဲ ရတယ်။ ရဲလောက်ကတော့ အဆင်မပြေဘူး။ နောက်ပြီးတော့ ရဲက အင်အားလည်း အရမ်းနဲတယ်။ လုံးခင်းရဲစခန်းမှာက အလွန်ဆုံးရှိ ဆယ်ယောက်ပဲ။ ဒါက မိုင်ကုန် တွက်ထားတာ ပေါ့နော်။ အဲဒီတော့ စစ်တပ်လောက်မှ လုံခြုံရေး ယူမပေးရင် ရဲလောက်နဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ လုံခြုံရေးပိုင်းဆိုင်ရာက စစ်တပ်က ယူထားမှ ရမယ်။ လောလောဆယ်တော့ အဲဒီမှာ စစ်သားတွေလဲတွေ့တယ်။ လက်ရှိ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆွေလဲ အဲဒီရွာမှာ ရှိနေတယ်။ ”

ဖားကန့်ဒေသဟာ လုံခြုံရေး အားနည်းပြီး မကြာသေးခင်ကပဲ အမျိုးသမီး အုပ်ချုပ်ရေးမှူး တဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာမျိုး တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ဥပဒေမဲ့ ဖြစ်ရပ်မျိုးတွေလည်း ဖြစ်လေ့ ရှိနေတာပါ။ ဒီလို အခြေအနေမှာ ဖားကန့်ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရဘက်က ဒေသခံတွေရဲ့ လုံခြုံရေးကို အလေးထား ကိုင်တွယ် ဖြေရှင်းပေးသင့်တယ် လို့လည်း ဖားကန့်ဒေသခံ ဦးဇော်မိုးထက် ကပြောပါတယ်။

ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေထဲ သက်ဆိုင်တဲ့ တာဝန်ရှိသူ အာဏာပိုင်တွေရဲ့ လုံခြုံရေး ကိုင်တွယ်မှုတွေမှာ အားနည်းချက်တွေရှိခဲ့ပြီး အချိန်နဲ့ တပြေးညီ ထိရောက်တဲ့ ကာကွယ်မှု မရှိဘူး ဆိုတာကိုလည်း ဝေဖန်နေကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ သူ့စကားအတိုင်းဆိုရင်- ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာမှာ ရှိတဲ့ သတ်မှတ်ခွင့်ပြုချက် မရှိသော ယာယီ ဝတ်ပြုတဲ့ အဆောက်အဦးကို ဖျက်သိမ်းဖို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းထားသော်လည်း အဆင်မပြေပြီး ဒေသခံအချို့မှ ဝင်ရောက် ဖျက်ဆီးမီးရှို့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

အခုလက်ရှိမှာတော့ ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အခြေအနေ တည်ငြိမ်လျက်ပါတယ်။ ၊ ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် နေပြီဖြစ်ကြောင်း နှင့် နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော် သူများ ရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်းကိုလည်း ပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG