သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုမှု အနည်းဆုံး ၆ ဦးသေ


ဖားကန့် ရေကြီးမြေပြို မြင်ကွင်း။
ဖားကန့် ရေကြီးမြေပြို မြင်ကွင်း။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုကြောင့် လူ ၆ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာသူတွေရှိခဲ့သလို လမ်းတံတားတွေလည်း ပျက်စီး ခဲ့ကြောင်း တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။ မကြာခန မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေရှိရာ ဖားကန့်မြို့နယ်မှာ အခု နောက်ဆုံး ရေကြီး မြေပြိုမှုတွေနဲ့ ထပ်ပြီးကြုံခဲ့ရတာပါ။ မကြာသေးခင် သီတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန် ရေကြီးမှုတွေနဲ့ နောက်ဆက်တွဲ မတော်တဆ မှုတွေ ကြုံနေရတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ထားပါတယ်။

ဒီနေ့မနက် ဖါးကန့်မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် လူ (၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူးဦးသောင်းဇံကပြောပါတယ်။

“အသေအဆုံးစာရင်းကတော့ အခု ကျနော် ရင်ခွဲရုံရောက်နေတယ်၊ လောလောဆယ် (၆) လောင်း။ ဖေါ်နေတာကလည်း အများကြီး။ လူဦးရေ စာရင်း တော့ မသိရသေးဘူး။ တောင်တွေပြိုတာ (၁၀) နေရာမကဘူး။ လောလောဆယ် အလောင်း က ရှာဖွေနေတုန်းရှိသေးတယ်။ ဆိတ်မူတောင် ကမ်းပါးယံကြီးပြိုကျတာက ဒီမနက်တော့ (၃) လောင်းတွေ့ပြီ။”

ရေကြီးမြေပြိုတဲ့ ဖါးကန့်မြို့အတွင်းမြေပြိုမှုမှာအသက်သေဆုံးမှုဖြစ်ပွါးခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့ကနေ စာရင်းအရေ အတွက် အတည်ပြုနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ အပါအဝင် အစိုးရအဖွဲ့အစည်းတွေကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဖါးကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ထိခိုက်မှုတော့ရှိတယ်ဗျ။ အဲတာတွေကိုအတည်ပြုနေတယ်။ လူ နံမယ်တွေ နေရပ်လိပ်စာတွေအတည်ပြုနေတယ်။ လောလောဆယ်တော့ကျွန်တော်တို့ သတင်းအတည်မရသေးလို့ပါခင်ဗျ။ လမ်းတွေဘာတွေမြေပြိုပိတ်နေတာ တွေ တော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့တခြားအဖွဲ့ တွေနဲ့ဝိုင်းဝန်းဖယ်ရှားနေပါတယ်။ ကယ်ဆယ်ရေး အခြေအနေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရယ် ထွေအုပ်က အဖွဲ့တွေရယ်။ ကျနော်တို့ လူမှု ကူညီရေး အသင်းတွေနဲ့ မီးသတ် အကုန်လုံး အားလုံးလုပ်ဆောင်နေပါတယ်။”

နေရာအတော်များများမှာ မြေပြိုမှုတွေရှိနေပြီး နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု တွေရှိနေပေမဲ့ မြေပြင်အခြေအနေအပေါ် စာရင်းကောက်ယူနေဆဲဖြစ်လို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အတည်မပြု နိုင်သေးဘူးလို့လဲ မြို့နယ်ရဲစခမ်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမနက်မြေပြိုမှုကြောင့် ဖါးကန့်မြို့နယ် ဆိတ်မူ ခေါ် ဆိုင်းတောင်ကျေးရွာနဲ့ ဖါးကန့်မြို့အဝင် ကြက်တကောင်ကုန်းမှာ မြေပြိုကျလို့ (၇) ဦးလောက် သေဆုံးပြီး ဒေသအတွင်း ထိခိုက်မှုအခြေအနေကိုတော့ ဖါးကန့်မြို့ခံ ကိုနောင်လတ်က အခုလိုပြောပါတယ်။

“ဖါးကန့်မှာက ကြက်တကောင်ကုန်း မိန်းလမ်းမှာက (၂) ယောက်သေတယ်။ ဆိုင်းတောင်မှာကျတော့ စုစုပေါင်း (၁၁) ယောက်ပေါ့။ အခုလောလောဆယ် ရင်ခွဲရုံမှာ (၇) ယောက်တော့ ထပ်ထားတယ်ဆိုတဲ့အနေအထားလေးတွေပေါ့။ ဖါးကန့်မှာတော မြေပြိုတာတော့ ဒီနှစ်မှာ ထူးထူးဆန်းဆန်း အဲဒီ ကြက် တကောင်ကုန်းမှာ လဲပြိုနေတာ။ အဲဒီရှမ်းမိတ်စား သောက်ဆိုင်ရှေ့က ဒီဆေးရုံသွားတဲ့လမ်းဘက်မှာလည်း အဲဒီမှာကြီးကြီးမားမားပြိုတာပေါ့။ နှစ်ယောက်ကတော့ အသက် ဆုံးရှုံးမှုရှိတယ်။ တယောက်ကတော့အရေးပေါ်ဆေးကုသနေရတယ်ပေါ့နော်။ ခရီးသွားရင်းနဲ့ပေါ့။ ဆိုင်ကယ်စီးရင်းနဲ့ ဗြုန်းကနဲ ပြိုကျလာတဲ့အနေအထားတွေပေါ့။ မြို့ဦးဘုန်းကြီးကျောင်းဘက်လမ်းမှာလဲပြိုတာပေါ့။ မြို့အရှေ့မှော်စီဇာနဲ့ ဖါးကန့်လမ်းပေါ့နော်။ ရေကြီးနေတယ်။တံတားတွေ လဲပြိုကျနေတဲမြင်ကွင်းတွေပေါ့။ ဆုံးရှုံးမှုတော့ အထိုက် အလျောက်တော့ ရှိမှာပါ။”

သည်းထန်စွာရွာသွန်းနေတဲ့ မိုးကြောင့် ဖားကန့်-မှော်စီစာကျေးရွာကိုဆက်သွယ်ထားတဲ့ ဆောင်းချိန်ရွာအထွက်နားက တံတားကျိုးသွားလို့ ဒေသခံတွေ သွားလာရေးမှာ အခက်တွေ့နေတယ်လို့ သူကပြောပါတယ်။

ကချင်ပြည်နယ် ဖါးကန့်မြို့နယ်အတွင်းမှာ ရေကြီးမြေပြိုမှုကြောင့်သော်လည်းကောင်း၊ ကျောက်စိမ်းမှော်အတွင်း မြေကျစ်စာပြို ကျမှုကြောင့်သော်လည်းကောင်း လူသေဆုံးမှုမကြာခနဖြစ်ပွါးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ဖါးကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါးကျေးရွာမှာ မြေပြိုမှုဖြစ်ပွါးခဲ့လို့ လူ (၁၄) ဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မွန်ပြည်နယ် ရခိုင်ပြည်နယ် ကရင်ပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်း ဧရာဝတီတိုင်းတွေမှာ ရေကြီးရေလျှံ မြေပြိုမှုတွေဖြစ်ပွါးခဲ့သလို ဇွန်လ (၁၉) ရက်နေ့အထိ လူ (၂၁) ဦးသေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကနေ ပြောဆိုခဲ့ပါတယ်။

ဖားကန့် မြေပြိုမှု အနည်းဆုံး ၆ ဦးသေ
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG