သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေစာပုံပြို လူ ၁၀ ဦးမက သေဆုံး


ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)
ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်တခုမှာ မြေပြိုကျတဲ့ အတွက် အဲ့ဒီ့မှာ ရေမဆေးကျောက်ရှာဖွေနေသူ တော်တော်များများ သေဆုံးဒဏ်ရာရခဲ့ကြ ပါတယ်။ မိုးညှင်း၊ ဖားကန့်ခရိုင် လုံးခင်းအုပ်စု ဆန်ခါကျေးရွာနားက ကျောက်စိမ်းလုပ်ကွက် မှာ ဒီကနေ့ နေ့လည် နှစ်နာရီလောက်က ကျောက် စိမ်းတူးဖော်နေတဲ့ ကမ်းပါးပြိုကျ တာကြောင့် လူတော်တော်များများ ပိမိနေဆဲဖြစ်ပြီး ဒဏ်ရာရသူတချို့ကို လုံးခင်းဆေးရုံကို ပို့ဆောင်ကုသပေးနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ထဲမှာ မြေစာပုံပြိုကျတာ၊ ကမ်းပါးပြိုကျတာ တွေကြောင့် မကြာခန လူသေဆုံးနေပြီး အခု ဇူလိုင်လ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီကျော်က ကမ်းပါးပြိုကျခဲ့တာမှာလည်း လူသေဆုံး ဒဏ်ရာရသူတွေ အများအပြားရှိကြောင်း ဒေသခံ လည်းဖြစ်၊ အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပြပါတယ်။

“ကုမ္ပဏီတွေက မိုးတွင်းလည်းမိုင်းတွေခွဲနေတာပေါ့။ အဲဒီတော့ တုန်ခါမှုတွေကြောင့် ကမ်းပါးတွေ အက်တာပေါ့ နော်။ အက်နေတော့ မိုးက တအားရွာလိုက်တော့ မြေအစို ဓာတ်နဲ့ ပြိုတာ။ ကမ်းပေါ်က တူးနေတာရှိတယ်။ တောင်ပေါ်ကနေ ပြိုတာက တဖွဲ့၊ ကမ်းပါးအောက်ခြေကနေ နှိုက်နေကြတာက တဖွဲ့၊ ၂ ဖွဲ့လို ဖြစ်နေတယ်။ ကျနော်ထင် တယ်။ လေး-ငါး-ရှစ်ဆယ်လောက်တော့ သေမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဈေး သည်တွေက အစ ပါသွားတယ်လေ။ တချို့ ဒဏ်ရာရသူတွေကလည်း များတယ်။ အခုတော့ ၁၅ လောင်းတော့ ဖော်လို့ရသွားပြီ။ ဒဏ်ရာရသူတွေက အသက်ငွေ့ငွေ့ပဲ ကျန်နေတာမျိုးတွေ။”

၂၀၁၈ ခုနှစ်အတွင်း ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ မြေပြိုမှု၊ ကမ်းပါးပြိုမှု ၁၁ ကြိမ် ဖြစ်ခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ယောက် ရှိခဲ့ကြောင်းလည်း ကိုဇော်မိုးထက်က ပြောပါတယ်။ အခု သေဆုံး ဒဏ်ရာရသူတွေကို အတည်ပြုနိုင်ဖို့ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိုးညှင်းခရိုင်ထဲက ရဲစခန်းတွေကို မေးမြန်းခဲ့ပေမယ့် အသေအပျောက်သတင်းတွေ မှန်ကန်ကြောင်း ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောနိုင်သေးကြောင်း ပြောကြပါ တယ်။ လက်ရှိမှာ လုံးခင်းမြို့နယ် ပြည်သူ့ဆေးရုံကို ဒဏ်ရာရ လူနာတွေ ဆယ်ဂဏန်း လောက် ရောက်နေကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ မကြာခန လူတွေသေဆုံးနေရပြီး တခါတရံမှာရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို တခါတရံ မှာတော့ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးသေဆုံးနေကြရ တာလည်း ဖြစ်ခဲ့ရတာပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးရမှုတွေအပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်း စစ်ဆေးပေးဖို့အထိ တောင်းဆိုမှု တွေလည်း ရှိခဲ့တာပါ ။ ဒီဒေသက စည်းကမ်းမဲ့ ကျောက်စိမ်းတူးနေတာတွေကို ပြည်နယ်အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ပြည်ထောင်စုအစိုးရက ဆက်လက်ဆောင်ရွက်မှ ရမယ်လို့ ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က VOA က ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပြခဲ့ပါတယ်။ အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ်အနေနဲ့ စည်းကမ်းတင်းကျပ်မှု

မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက၂၀၁၆ ခုနှစ်ထဲမှာ တောင်းဆိုထားပါတယ်။ မိုးတွင်းမှာ ကျောက်ရှာဖွေသူတွေ အတွက် အခုလို အန္တရာယ်တွေများပေမယ့်လည်း ကျောက်ရှာဖွေသူတွေကတော့ မိုးတွင်းကာလကမှ ကျောက်ရှာရတာ လွယ်ကူတယ်ဆိုပြီး ရေမဆေးကျောက်ရှာဖွေသူတွေ ပိုများလာပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG