သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်က ထူးကုမ္ပဏီ တိုက်ခိုက်ခံရ


ဖားကန့်
ဖားကန့်

လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အခုနောက်ဆုံး ပုဂ္ဂလိကကုမ္ပဏီတခုကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဘယ်သူဘယ်ဝါလက်ချက်မှန်း မသိရသေးတဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေနဲ့အတူ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေ ရဲ့ကြားမှာ စိုးရိမ်မှုတွေ တိုးပွား လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပြောပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ညပိုင်းမှာတော့ လက်နက်ကိုင်လူ ၂၀လောက်က ဆိုင်းတောင် အနီးက ထူးကုမ္ပဏီပိုင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၆၀၀ကျော် ဆုံးရှုံးခဲ့ပြီး ကျူးလွန်သူ တရားခံကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့ညပိုင်းမှာတော့ ဖားကန့်ဒေသ ဆိုင်းတောင်အနီးမှာ ထူးကုမဏီပိုင် မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အခြေအနေကို ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

" မနေ့ကည ၈နာရီလောက်က သေနတ်တွေနဲ့ လူ(၂၀)လောက် က ကောင်ဆာမှာ ရှိတဲ့ ထူးကုမ္ပဏီကို ကုမ္ပဏီဝင်းပေါ့ဗျာ လုပ်ကွက်ဧရိယာတော့ မဟုတ်ဘူး။ ကုမ္ပဏီယန္တယားတွေ ဘာတွေ ထားတဲ့ ကုမ္ပဏီလာပြီးတော့ အကုန်လုံး မီးပုံရှို့သွားတာ။ အကုန်လုံး ကားတွေကို သေချာကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာပေါ့နော်။ ဘီးကား လေးငါးခြောက်စီးနဲ့ လူစီးတဲ့ ဖိုးဝှီးနှစ်ခန်းတွဲကား လောင်သွားတယ်။ ကျန်တဲ့ ဘက်ဖိုးတွေ ဘာတွေတော့ လောင်တာ ကျွမ်းတာ ဆုံးရံံှုံးတာ မရှိဘူး။ ကျနော် သိရသလောက်ပေါ့နော်။ "

လက်နက်ကိုင်အဖွဲ့က လာရောက်တားမြစ်တဲ့ ကုမ္ပဏီဝန်ထမ်းနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကို ရိုက်နှက်သွားတာ ရှိပေမဲ့ ဆိုးဆိုးဝါးဝါး ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ပြောပါတယ်။

ဒီကနေ့မှာတော့ အခင်းဖြစ်ပွားတဲ့နေရာကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ပျက်ဆီးတဲ့အခြေအနေနဲ့ မျက်မြင်တွေ့ရှိသူတွေကို မေးမြန်း တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဖားကန့်ရဲစခန်းက တာဝန်မှူး ကတော့ ဒီမီးရှို့မှုမှာ ၁၂ဘီးကား ၆စီး မီးလောင်ကြောင်း လာရောက် တိုင်ကြားထားတယ် လို့ပြောပါတယ်။

" တိုင်စာအတိုင်းဆိုရင် ၁၂ဘီးယာဉ် ခြောက်စီးမှာတဲ့ မီးလောင်နေကြောင်း တွေ့ရ သည် တဲ့။ ဘယ်လိုစဖြစ်လဲ ဆိုတာတော့ မပြောသွားဘူး။ သူက ၁၂ဘီးကား ခြောက်စီး ဆိုင်ကယ်သုံးစီး မီးလောင်နေတာ တွေ့ရတဲ့ အကြောင်းပေါ့နော်။ အဲ့လိုပဲ ရေးထားတာ။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၆၆၄သိန်း အဲ့လိုပဲ ရေးထားတယ်။"

လောလောဆည်မှာတော့ တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပေမဲ့ ဒေသခံတွေ က ဖားကန့်မှာ စိုးမိုးထားတဲ့ KIA လက် ချက်လို့ ယူဆနေပေမဲ့ ရဲတပ်ဖွဲ့ကတော့ အတည်ပြု ဖော်ထုတ်နိုင်တာရှိသေးဘဲ စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။

ဒီမီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် ထူးကုမဏီနဲ့ KIA တပ်ဖွဲ့ဖက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းက ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်က ဝေအောင် ကမ္ဘာ ကုမ္ပဏီ က ဝန်ထမ်း အိပ်ဆောင်ကို လက်နက်ကိုင် အဖွဲ့ဝင်တချို့က မီးရှို့ခဲ့သလို ကုမ္ပဏီပိုင် ကားတစ်စီးအား ဗုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ KIA ရဲ့ လက်ချက်ဖြစ်တယ် လို့ မြဝတီသတင်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG