ဖိလစ်ပိုင်နိုင်ငံမှာ ဥပဒေမဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာရာဇဝတ်မှု လုပ်ငန်းတွေအတွက် မသင်္ကာတဲ့ နေရာတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတချို့ အပါအဝင် လူ ၁၆၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံသားအများစု အပါအဝင် ဖမ်းဆီးခံရသူတွေဟာ အင်တာနက်အွန်လိုင်းရာဇဝတ်မှုတွေ ကျုးလွန်နေကြောင်းလည်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။ စစ်ထောက်လှမ်းရေးတွေ အကူအညီနဲ့ ဌာနဆိုင်ရာအသီးအသီးက အာဏာပိုင် ၁၀၀ ကျော်ဟာ နိုင်ငံအလယ်ပိုင်း Lapu-Lapu မြို့က အပမ်းဖြေလုပ်ငန်းကို စနေနေ့က စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာတော့ တရုတ် ၈၃ ယောက်၊ အင်ဒိုနီးရှား ၇၀ နဲ့ မြန်မာ ၆ ယောက်၊ တိုင်ဝမ် ၂ ယောက်နဲ့ မလေးရှား ၁ ယောက် ပါဝင်ကြောင်းလည်း ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးဖို့ မနီလာမြို့တော်ကို လေကြောင်းကပို့ဆောင်ပြီး နေရပ်ပြန်ပို့ကောင်း ပြန်ပို့မယ်လို့လည်း ပြောဆိုခဲ့တာပါ။
လောင်းကစားလုပ်ငန်းတွေကို တားမြစ်ထားတဲ့ တရုတ်နိုင်ငံက လူတွေကို အဓိက ဝန်ဆောင်မှုပေးနေပြီး၊ တရုတ်တွေ အဓိကလုပ်ကိုင်နေတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို နှိမ်နင်းဖို့ သမ္မတ Ferdinand Marcos Jr. က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နှိမ်နင်းမှုတွေ လုပ်နေတာပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေတွေကို လျစ်လျုရှုပြီး ဥပဒေမဲ့ လောင်းကစားလုပ်ငန်းတွေ အကြီးအကျယ် ပေါ်ပေါက်နေရာမှာ နောက်ဆက်တွဲအဖြစ် ငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ ပြန်ပေးမှုနဲ့ လူသတ်မှု စတဲ့ တခြားရာဇဝတ်မှုတွေပါ ကျုးလွန်နေကြောင်းလည်း သမ္မတက ပြောဆိုထားပါတယ်။
Forum