သုံးရလွယ်ကူစေသည့် Link များ

ငါးဖမ်းသင်္ဘောဟန့်တားမှု တရုတ်ကို ဖိလစ်ပိုင်ကန့်ကွက်

  • ဗွီအိုအေ (မြန်မာဌာန)

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့် သင်္ဘောက မီးသတ်ပိုက်တွေနဲ့ ဟန့်တားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်ခဲ့တဲ့အပေါ် ရှင်းလင်းချက်ပေးဖို့ ဖိလစ်ပိုင်က တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

လူသူမနေတဲ့ Scarborough Shoal ကျွန်းတွေအနီး ပြီးခဲ့တဲ့လထဲ ဖြစ်ပွားခဲ့တဲ့ ကိစ္စအတွက် မနီလာမြို့တော်မှာရှိတဲ့ တရုတ်သံကိုယ်စားလှယ်ကိုလည်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ဆင့်ခေါ် ကန့်ကွက်ခဲ့တာပါ။

ဇန်န၀ါရီလ ၂၇ ရက်နေ့က အဖြစ်အပျက်ဟာ ခြိမ်းခြောက်နှောက်ယှက်တဲ့ လုပ်ရအဖြစ် ကန့်ကွက်ကြောင်းနဲ့ ပြဿနာဖြစ်ရာ ဒေသက ဖိလစ်ပိုင် ငါးဖမ်းသမားတွေရဲ့ အခွင့်အရေးကိုလည်း တရုတ်နိုင်ငံက လေးစားလိုက်နာဖို့ တောင်းဆိုတဲ့အကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Raul Hernandez ကလည်း ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino ကတော့ တကြိမ်တခါ ဖြစ်ရပ်အပေါ် အလွန်အကျွံ တုံ့ပြန်တာမျိုး မဖြစ်စေချင်ပေမဲ့ ဒီဖြစ်ရပ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒသစ်ကို ရောင်ပြန်ထင်ဟပ်တာလား ဆိုတာကိုတော့ သိဖို့ လိုမယ်လို့ ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ တရုတ်ကမ်းခြေစောင့် သင်္ဘောတွေအနေနဲ့ လုပ်ရိုးလုပ်စဉ် ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြောဆိုပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG