ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဆင်းရဲသားရပ်ကွက်မှာ ရှိတဲ့ ဖိနပ်စက်ရုံ မီးလောင်ခဲ့တဲ့ အတွက် သေဆုံးရသူပေါင်းက ၇၂ ယောက် ရှိသွားပြီလို့ ဖိလစ်ပိုင်အရာရှိတွေက အတည်ပြုပြောဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်း ရောင်းချတဲ့ ရာဘာဖိနပ်တွေ ထုတ်လုပ်တဲ့ Kentex ကုမ္ပဏီမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ တာပါ။အထပ် ၂ ထပ်ရှိတဲ့ စက်ရုံ မီးလောင်ကျွမ်းမှုမှာ ဒဏ်ရာရသူက ဒါဇင်နဲ့ချီ ရှိနေပြီး ပျောက်ဆုံးနေသူ ရှိမရှိ လည်း အခုထိ သေသေချာချာ မသိရသေးပါဘူး။
ဖိနပ်စက်ရုံမှာ ဂဟေဆော်တဲ့သူတွေသုံးတဲ့ကရိယာတွေဟာ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့မိပြီးအဲဒီကနေ မီးစလောင်မယ်လို့ တွက်ကြပါတယ်။ စက်ရုံလုပ်သား တဦးဖြစ်တဲ့ Steve Chua ကတော့ သူတို့ ဂဟေဆော်ချိန်မှာ မီးစတွေလွင့်လာပြီး မီးကပြန့်သွားတယ်လို့ ပြောသလို ရေနဲ့ရော မီသတ်ဘူးနဲ့ပါ မီးငြှိမ်းဖို့ ကျိုးစားပေမယ့် မရတော့ဘူးလို့ ဆိုပါတယ်။
စက်ရုံမှာ မီးဘေးကာကွယ်ရေးစံနစ်ကစံချိန်မမှီဘူးလို့ မီးဘေးသင့်သူတွေရဲ့ မိသားစုတွေက ပြောဆိုကြပြီး ဒီ့အတွက် စိတ်ပျက်နေကြတာပါ။ မီးဘေး ကာကွယ်ရေး အတွက် စက်ရုံမှာ စံနစ်တကျ လေ့ကျင့်တာတွေလည်း မလုပ်ရဘူးလို့ စက်ရုံလုပ်သား အများစုက ပြောဆိုကြသလို မီးလောင်ရင် သုံးရတဲ့ အရေးပေါ် ထွက်ပေါက် ရှိမရှိ၊ ရှိရင်လည်း ဘယ်နှစ်ခုရှိတယ် ဆိုတာတွေ ကိုတော့ သေသေချာချာ မသိရသေးပါဘူး။
အဆောက်အဦးရဲ့ ပြူတင်းပေါက် အများစုဟာ သံတိုင်တွေနဲ့ အခိုင်အမာ လုပ်ထားတာမို့ အလုပ်သမားတွေ ထွက်မပြေးနိုင်ပဲ ပိတ်မိပြီး မီးအလောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီမီးလောင်မှုအတွက် ဖိလစ်ပိုင်တာဝန်ခံတွေ အခုထိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပေမယ့် ဖိလစ်ပိုင် ရဲချုပ်ကတော့ ဒီအမှုမှာ တာဝန်ရှိသူကို ရာဇဝတ်မှုနဲ့ အရေးယူမယ်လို့ ပြောပါတယ်။