ဖိလစ်ပိုင်နိုင်ငံ Leyte ( လေတေး) ကျွန်း ကမ်းလွန်မှာ စနေနေ့က နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောက အသက်ရှင်ကျန်နေနိုင်သူတွေကို ဖိလစ်ပိုင်ရေတပ် အာဏာပိုင်တွေ ရှာဖွေနေကြပါတယ်။ ကူးတို့သင်္ဘောပေါ်မှာ ခရီးသည် ၈၄ ယောက်ထက် မနည်းပါသွားပြီး တနင်္ဂနွေနေ့ မနက် အစောပိုင်းရောက်ချိန် အထိ ခရီးသည် ၆၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းရိုးတမ်းစောင့်တပ်က ပြောပါတယ်။
တက်မကျိုးသွားလို့ သင်္ဘော ရှေ့ဆက်သွားလို့မရတဲ့အကြောင်း၊ လေပြင်းတိုက်ပြီး လှိုင်းကြီးနေချိန်မို့ ဒုက္ခရောက်နေတဲ့အကြောင်း Maharlika II အမည်နဲ့ သင်္ဘောဆီက လှမ်းအကြောင်းကြားခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရသူက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြောက်ဖက် တောင်တရုတ် ပင်လယ်ဖက် ဦးတည်ပြီး Kalmaegi မုတ်သုန်မုန်တိုင်းဖြတ်နေစဉ်မှာကူးတို့သင်္ဘော နစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သင်္ဘောနစ်တဲ့ Leyte ကျွန်း တောင်ပိုင်းဖက်မှာတော့ မုန်တိုင်းသတိပေးချက် ထုတ်ထားတာမရှိပါဘူးလို့ ပြောခွင့်ရသူ Armand Balilo က သတင်းထောက်တွေကို ပြောပါတယ်။