သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန် တောင်တရုတ်ပင်လယ်မျက်နှာမူ စစ်ရေးလေ့ကျင့်


Philippines US Military Exercise

ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဖိလစ်ပိုင်တပ်တွေနဲ့အတူ ဂျပန်တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်စစ်ယာဉ်တွေ နိုင်ငံရပ်ခြားမှာ ပထမဆုံးအကြိမ် ပါဝင်လေ့ကျင့်တာပါ။ အမေရိကန်နဲ့ ဖိလစ်ပိုင် မရိန်း တပ်တွေဟာ အကြမ်းဖက်သမားတွေ စီးနင်းထားတဲ့ကမ်းခြေကို ပြန်လည်သိမ်းပိုက်တဲ့ စစ်ရေးလေ့ကျင့်ရာမှာ ဂျပန်တပ်ဖွဲ့ငယ်က ကူညီထောက်ပံ့တဲ့အပိုင်းကနေ ပါဝင်ခဲ့ပါတယ်။ ကမ်းခြေကသဲနဲ့ ခြုံတွေပေါက်နေတဲ့ နေရာမှာ ဒဏ်ရာရဟန်ဆောင်ထားတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို ကယ်တယ်ဖို့ သံချပ်ကာကား ၄ စီးနောက်မှာလက်နက်ကိုင်ဆောင်မထားတဲ့ ဂျပန်တပ်ဖွဲ့ဝင် ၅၀ လောက်ဟာ အဝေးကနေ သူတို့ကို အလွယ်တကူမတွေ့နိုင်အောင် ပုံဖျက်ဝတ်ဆင်ပြီး လိုက်ပါသွားခဲ့ကြပါတယ်။

Kamandag လို့ခေါ်တဲ့ အမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ ဂျပန်တပ်ဖွဲ့တွေအနေနဲ့ ခုလိုပါဝင်တာဟာ ၁၉၄၅ ခုနှစ် ဂျပန်နိုင်ငံက စစ်ဆန့်ကျင်ရေးဖွဲ့စည်းပုံဥပဒေကို ပြဌာန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျပန်ဗိုလ်မှုး Koki Inoue က ပြောပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရေ မြင့်မားလာဖို့အတွက် ရည်ရွယ်ပြီးပါဝင်တာဖြစ်ကြောင်းနဲ့ လူသားချင်းအကူအညီပေးဖို့နဲ့ ဘေးအန္တရယ်ကျရောက်ချိန်မှာ ဘယ်လို ပူးပေါင်းကူညီဆောင်ရွက်ရမလဲဆိုတဲ့ အခြေအနေကို ပိုသိရှိလာစေဖို့ အခုလို ပါဝင်ခဲ့တာဟာ အခွင့်အရေးကောင်းတရပ်ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဖိလစ်ပိုင်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပေမယ့်လည်း တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်မှာ သိမ်းပိုက်ထားခဲ့တဲ့ Scarboroguh Shol ကျွန်းရှိရာ တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင် ရေတပ်အခြေစိုက်စခန်းရှိရာမှာ စစ်ရေးလေ့ကျင့်ခဲ့ကြတာပါ။ အဲဒီအချိန်ကစလို့ ဖိလစ်ပိုင်နိုင်ငံဟာ ကာလကြာရှည်မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်တိုးမြှင့်ခဲ့သလို Scarborough Shoal ကျွန်းအနီးမှာလည်း ဂျပန်နဲ့အတူ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာလည်း အရှေ့တရုတ်ပင်လယ်အတွင်းက နယ်မြေတွေနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ အငြင်းပွါးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG