သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် နိုင်ငံရေး လူသတ်မှုကြီး စတင်စစ်ဆေး


ပြီးခဲ့တဲ့နှစ်က သတင်းထောက် အယောက် ၃၀ အပါအဝင် လူပေါင်း ၅၇ ယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နာမည်ကြီး ဖိလစ်ပိုင် နိုင်ငံရေးသမား အန်ဒဲလ် အမ်ပါတူဝမ် (Andal Ampatuan) ရဲ့ အမှု ရုံးတင်စစ်ဆေးမှုတွေ စတင်နေပါပြီ။

အန်ဒဲလ် အမ်ပါတူဝမ်ဟာ သူ့အိမ်မှာ သားသမီးတွေကို စုပြီး မာဂွင်ဒနောင်း (Maguindanao) ဒေသတောင်ပိုင်း အုပ်ချုပ်ရေးမှူးအဖြစ် သူနဲ့အတူ ယှဉ်ပြိုင်အရွေးခံမယ့် နိုင်ငံရေးသမားကို အရွေးမခံရလေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သူ့အိမ်မှာ အိမ်ဖော်လုပ်ခဲ့ဖူးသူက ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

သူတို့ရဲ့ ပြိုင်ဘက် အရွေးမခံရဖို့ဆိုရင် ဒီလူတွေ အားလုံးကို သတ်ပစ်တာက အလွယ်ဆုံးနည်းပဲလို့ သားဖြစ်သူ အမ်ပါတူဝမ် ဂျူနီယာ (Ampatuan Junior) က ပြောတဲ့အကြောင်းလည်း ဒီ အိမ်ဖော် အလုပ်သမားဟောင်း လက်ခ်မူဒင် ဆာလီယာအို (Lakmudin Saliao) က ပြောပါတယ်။

လူသတ်မှုမှာ အဓိက သံသယရှိထားတဲ့ သားဖြစ်သူကို မိသားစု မိတ်ဆွေဖြစ်တဲ့ သမ္မတ ဂလိုရီယာ မကာပါဂဲလ် အာရိုယို (Gloria Macapagal Arroyo) ဆီ သွားပြီး လက်နက်ချ အကူအညီ တောင်းခံခိုင်းဖို့ အမ်ပါတူဝမ်က ကြိုးစားခဲ့တယ်လို့လည်း ဆာလီယာအိုက ပြောပါတယ်။

မစ်စ် အာရိုယိုကို တရားရုံးကို သက်သေဆင့်ခေါ်နိုင်ဖို့ အစိုးရ ရှေ့နေတွေက အခု ကြိုးစားနေတယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစု ရှေ့နေတွေက ပြောပါတယ်။

အမ်ပါတူဝမ် ဂျူနီယာ အပါအဝင် မာဂွင်ဒနောင်းမှာ ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ လူသတ်ပွဲနဲ့ ဆက်နွယ်နေတယ်လို့ သံသယရှိဖွယ် လူပေါင်း ၂၀၀ လောက် ရှိပြီး နောက်ထပ် သံသယဖြစ်စရာ လူတွေ အများကြီး ရှိနေတုန်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG