ဖိလစ်ပိုင်နိုင်ငံမှာ တနင်္လာနေ့ နေ့လယ်ပိုင်းလောက်က မက်ဂီ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ကမ်းခြေတလျှောက်မှာ ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာမို့ ဖိလစ်ပိုင် မြောက်ဖျားဒေသမှာ အနည်းဆုံး လူတဦး သေဆုံးခဲ့ရပါတယ်။
လေပြင်းမုန်တိုင်းဟာ တနာရီ မိုင် ၁၄၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အပြင် တနာရီ မိုင် ၁၆၀ အထိ ပြင်းထန်ခဲ့တာမို့ အိမ်အမိုးတွေ လွင့်စင်ပြုတ်ထွက်ပြီး ဓာတ်တိုင်တွေပါ ကျိုးခဲ့ရပါတယ်။ ဒါ့အပြင် လူတဦးကတော့ မြစ်ထဲလိမ့်ကျပြီး သေဆုံးခဲ့ရပါတယ်။
အခုတိုက်ခတ်ခဲ့တဲ့ မက်ဂီ တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ၄ နှစ်အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ Cauayan နဲ့ Isabella ပြည်နယ်က Luzon ကျွန်းတွေမှာ နေထိုင်သူ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
သည်းထန်တဲ့မိုးနဲ့ လေပြင်းတိုက်ခတ်တဲ့ ဒဏ်ကြောင့် အဆောက်အဦးတွေ ပြိုကျနိုင်ပြီး လျှပ်စစ်ဓာတ် ပြတ်တောက်မှုတွေနဲ့ ဒေသတွင်း စိုက်ပျိုးတဲ့ ဆန်နဲ့ ပြောင်း စိုက်ပျိုးမှုတွေကို ထိခိုက်နိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းဒဏ် ခံရသူတွေအတွက် အစာရေစာအပြင် အသက်ကယ်လှေတွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း မုန်တိုင်းသင့် ဒေသကို ကယ်ဆယ်ရေးအတွက် ပေးပို့မယ်လို့လည်း ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။