ဖိလစ်ပိုင်နိုင်ငံမှာ သန်း ၁၀၀ မြောက် နိုင်ငံသားအဖြစ် မွေးဖွားတဲ့ ကလေးငယ်လေးကို အစိုးရအရာရှိတွေက ကိတ်မုန့်နဲ့ ကြိုဆိုလိုက်တဲ့ တချိန်တည်းမှာပဲ တဖြည်းဖြည်း တိုးပွားလာနေတဲ့ တိုင်းပြည်လူဦးရေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အခု မွေးဖွားလာတဲ့ ကလေးငယ်ကို သင့်တော်တဲ့ လူနေမှု အဆင့်အတန်း ရရှိအောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့အပေါ် စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။
Chonalyn လို့ အမည်ပေးထားတဲ့ အဲဒီ သန်း ၁၀၀ မြောက် ကလေးငယ်လေးကို မနီလာမြို့က Jose Fabella ဆိုတဲ့ အစိုးရဆေးရုံမှာ တနင်္ဂနွေနေ့ ည သန်းခေါင်ကျော် ၁၂ နာရီ ၆ မိနစ်မှာ မွေးဖွားခဲ့တာဖြစ်ကြောင်း အစိုးရ လူဦးရေဆိုင်ရာ ကော်မရှင်ရုံးအရာရှိ Juan Antonio Perez III က ပြောပါတယ်။
မိခင်ဖြစ်သူက အပြုံးပန်းနဲ့ သူမရဲ့ရင်ခွင်ထဲမှာ ထွေးပိုက်ထားတဲ့ ရင်သွေးငယ် Chonalyn ကို ဖိလစ်ပိုင် ကျန်းမာရေးအရာရှိတွေက ကိတ်မုန့်အပြင် ကလေး အဝတ်အထည်တွေနဲ့ တခြား လက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
ကလေးငယ်တိုင်း ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်းနဲ့အညီ နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီး Enrique Ona ကလည်း ပြောပါတယ်။