ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ဘက် ကမ်းရိုးတန်းဒေသဘက်ကို အင်အားပြင်း Typhoon မုန်တိုင်းဝင်လာဖို့ရှိနေတာကြောင့် မုန်တိုင်းလမ်းကြောင်းသင့်နိုင်တဲ့ နေရာတွေကလူပေါင်း ၂ သောင်းခွဲလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာဘက်ကနေလာတဲ့ Maysak မုန်တိုင်းဟာ တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်ရဲ့ အဓိက Luzon ကျွန်းပေါ်က Aurora ပြည်နယ်ဘက်ကို ဝင်ရောက် တိုက်မယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ Maysak မုန်တိုင်းဟာ အခု Super typhoon မုန်တိုင်းအဆင့် မရှိတော့ပေမဲ့လည်း တနာရီ လေပြင်းတိုက်နှုန်း မိုင် ၉၀ ကျော်လောက်နဲ့ ဝင်ရောက်လာနိုင်ပြီး လှိုင်းကြီးနိုင်၊ ရုတ်တရက်ရေကြီးနိုင်တဲ့အပြင် မြေပြိုကျမှုတွေလည်း ဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
၆ ပေကျော်အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေလည်း ရိုက်ခတ်လာနိုင်တယ်လို့ တွက်ထားကြပါတယ်။ ကမ်းရိုးတန်းစောင့်တပ်နဲ့ စစ်တပ်အပါအဝင် အစိုးရ ဌာနတွေအားလုံးကို သမ္မတ Benigno Aquino က သတိရှိနေကြဖို့မှာကြားထားပြီး မုန်တိုင်းကြောင့် လိုအပ်တဲ့ အကူအညီကို ချက်ချင်းပေးကြဖို့ ညွှန်ကြားထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်တိုင်း Typhoon မုန်တိုင်း ၂၀ လောက် ဝင်ရောက်တိုက်ခတ်တဲ့ ဒဏ်ကိုခံရလေ့ရှိပါတယ်။
၂၀၁၃ ၊ နိုဝင်ဘာလတုန်းက ဝင်ရောက်တိုက်ခဲ့တဲ့ ဟိုင်ယန်မုန်တိုင်းတုန်းကဆို သေဆုံး၊ ပျောက်ဆုံးသူပေါင်း ၇ သောင်းကျော် ရှိခဲ့ပါတယ်ရှင်။