သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်တောင်ပိုင်း ပေါက်ကွဲမှု အနည်းဆုံး ၄ ဦးသေ


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ပေါက်ကွဲမှုမှာ လူ ၄ ဦး သေဆုံးခဲ့ (Photo: AP)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ပေါက်ကွဲမှုမှာ လူ ၄ ဦး သေဆုံးခဲ့ (Photo: AP)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ ဒီကနေ့၊ တနင်္ဂနွေနေ့ အစောပိုင်းက ပေါက်ကွဲမှုဟာ “ပြည်ပအကြမ်းဖက်သမားတွေ” ရဲ့ လက်ချက်အဖြစ် ဖိလစ်ပိုင်သမ္မတက ပြောလိုက်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဝတ်ပြုနေသူ ကက်သလစ်ဘာသာဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး၊ မြို့တော် မနီလာ အပါအဝင် နေရ တော်တော်များများမှာ လုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

မော်တာကျည်နဲ့ လုပ်ထားတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ ဗုံးကိုတော့ မာရာဝီမြို့က မင်ဒါနာအိုပြည်နယ်တက္ကသိုလ်ရဲ့ အားကစားရုံမှာပြုလုပ်တဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အခမ်းအနားမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေ အများအပြားကို ထိမှန်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၃ ဦး အပါအဝင် လူ ၄ ဦး သေဆုံးပြီး၊ ဒဏ်ရာရထားတဲ့ လူ အယောက် ၅၀ ကိုတော့ ဆေးရုံ ၂ ရုံကို ခွဲပြီး ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ဖိလစ်ပိုင်စစ်တပ်ရဲ့ ဒေသခံတပ်မှူး ဗိုလ်ချုပ် Gabriel Viray III က ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၆ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကတော့ “မင်ဒါနာအိုပြည်နယ် တက္ကသိုလ်မှာ နိုင်ငံခြားအကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တဲ့ အသိတရားမဲ့ပြီး အရက်စက်ဆုံး လုပ်ရပ်အဖြစ် အပြင်းထန်ဆုံး ရှုတ်ချပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုဟာ ပြည်ပက စစ်သွေးကြွတွေ လက်ချက်အဖြစ် သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တစုံတရာ ရှင်းပြတာ မရှိခဲ့ပေမဲ့ ကာကွယ်ရေးဝန်ကြီးကတော့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ နောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG